လေးမျက်နှာ ဇွန် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန သင်တန်းခန်းမတွင် ယနေ့ နံနက်ပိုင်း၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်း ဆောင်ရွက်မည့် ရေနောက်ကျေးရွာမှ ကော်မတီဝင်များအား စီမံကိန်းရန်ပုံငွေ စီမံခန့်ခွဲမှုနှင့် ငွေစာရင်းပုံစံများ ရေးသွင်းနည်း သင်တန်းဖွင့်လှစ်ပို့ချခဲ့သည်။
လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဦးစိုးကျော်သူက နိုင်ငံတော်မှ ရေနောက်ကျေးရွာတွင် ဆောင်ရွက်မည့် မြစိမ်းရောင် ကျေးရွာ စီမံကိန်းကို ငွေကျပ်သိန်း ၃၀၀ မတည်ပေးမည်ဖြစ်ပြီး အဆိုပါ မတည်ငွေများအား မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန် အမှာစကားပြောကြား၍ မြစိမ်းရောင်ကျေးရွာ စီမံကိန်း ရန်ပုံငွေစီမံခန့်ခွဲမှုနှင့် ငွေစာရင်း ပုံစံရေးသွင်းနည်းများ ဆက်လက်သင်ကြားပို့ချသည်။ လေးမျက်နှာမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုဘဏ္ဍာနှစ်တွင် ကျေးရွာ(၁၂)ရွာအထိ ရှိလာပြီဖြစ်ပြီး ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိကာ မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရန် လိုအပ်သည့် ငွေအရင်းအနှီးများ ရရှိ၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။
ကျော်ဟိန်း(ပြန်/ဆက်)