ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးဒေါ် ယဉ်ယဉ်ဟန် ဖျာပုံအကျဉ်းထောင်အား ကြည့်ရှုစစ်ဆေး

ဖျာ ပုံဇွန် ၁၀

ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ဒေါ်ယဉ်ယဉ်ဟန်သည် ရုံးအဖွဲ့မှူး ဦးကျော်စိုးညွန့်၊ ဖျာပုံခရိုင်တရားသူကြီး ဒေါ်သူဇာအေးတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဖျာပုံအကျဉ်းထောင်အား ကြည့်ရှုစစ်ဆေးရာ ဖျာပုံမြို့ အကျဉ်းထောင် တာဝန်ခံအရာရှိက အကျဉ်းထောင်အတွင်း အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးနှင့် တာဝန်ရှိသူများသည် အကျဉ်းထောင်အတွင်း အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား၊ အချုပ်သူများ နေထိုင်သည့် အဆောင်များနှင့် စားဖိုဆောင်၊ ဆေးပေးခန်းနှင့် စာကြည့်တိုက်တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ ၎င်းတို့၏ ဥပဒေပါအခွင့်အရေးများ ရရှိခြင်း ရှိ၊ မရှိ၊ နေရာထိုင်ခင်း သက်သာချောင်ချိမှု ရှိ၊ မရှိ၊ အစာအဟာရ သင့်တင့်မျှတမှု ရှိ၊ မရှိ၊ ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေနှင့် အသက်မွေးဝမ်းကျောင်း အတတ်ပညာသင်ကြားမှု အခြေအနေများကို ကြည့်ရှု့စစ်ဆေး မေးမြန်းခဲ့ပြီး လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးရန် အကျဉ်းထောင်မှ တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)