ခန္တီး စက်တင်ဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်အတွင်း CERP အစီအစဉ် အရ ဆောင်ရွက်မည့် မိုးစပါး မျိုးစေ့ထုတ်ကွက် ( ၃၃၉ ) ဧကအတွက် ထောက်ပံ့ငွေ ကျပ်သိန်း ၅၀၃ ဒသမ ၄၁၅ လွဲပြောင်း ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် ခနီ္တးခရိုင်အထွေထွေ အုပ်ချုပ်ရေး အစည်းဝေး ခန်းမ၌ ကျင်းပရာ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးနိုမော်လွင်က ထောက်ပံ့ငွေပေး အပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ခနီ္တးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးမှူး များထံသို့ ထောက်ပံ့ငွေများ လွဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ CERP အစီအစဉ်အရ ထောက်ပံ့ငွေများသည် စိုက်ပျိုးထုတ်လုပ်ရာတွင် အဓိက လိုအပ် ချက်ဖြစ်သည့် သွင်းအားစုမျိုးကောင်းမျိုးသန့်မျိုးစေ့အား တောင်သူများလိုအပ်သည့် ပမာဏကို လိုအပ်သည့်အချိန်တွင် အလွယ်တကူ ရရှိအသုံးပြုနိုင်စေရန် ၊ COVID-19 ကပ်ရောဂါကြောင့် တောင်သူများအပေါ် ထိခိုက်မှုမရှိစေရေး ကူညီပံ့ပိုးဆောင်ရွက်နိုင်ရန်နှင့် အလုပ်အကိုင် အခွင့် အလမ်းများ ဖန်တီးနိုင်ရန် စသည့်ရည်ရွယ်ချက် ( ၃ ) ချက်ဖြင့် ပေးအပ်ခြင်းဖြစ်ပြီး ခန္တီး မြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ်ကွက်(၃၅) ဧက၊ ဟုမ္မလင်းမြို့နယ်တွင် (၃၀၀) ဧကနှင့် မိုဝိုင်း လွတ်မြို့တွင် (၄) ဧကတွင် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း ခရိုင် စိုက်ပျိုး ရေးဦးစီးမှူး၏ ပြောပြချက်အရ သိရသည်။
ထောက်ပံ့ငွေကို (၁)ဧကလျှင် အပင်ပြုစုခြင်းလုပ်ခ ၇၅၀၀၀ ကျပ်၊ မျိုးကွဲနုတ်ပယ်ခြင်းလုပ်ခ ၅၀၀၀၀ ကျပ်၊ မျိုးစေ့သန့်စင်ခြင်းလုပ်ခ ၁၅၀၀၀ ကျပ်နှင့် အထွက်ကောင်းမျိုးဖြစ်ပါက မျိုးစေ့ ဘိုး ၈၅၀၀ ကျပ်၊ ပေါင်း ၁၄၈၅၀၀ ကျပ်နှုန်းဖြင့် တောင်သူများအား ထောက်ပံ့မည်ဖြစ်ပြီး ခန္တီး မြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ်ကွက်(၃၅) ဧက ဆောင်ရွက်မည်ဖြစ်သဖြင့် ၅၁၉၇၅၀၀ ကျပ်၊ ဟုမ္မလင်းမြို့နယ်တွင် (၃၀၀) ဧက ဆောင်ရွက်မည်ဖြစ်သဖြင့် ၄၄၅၅၀၀၀၀ ကျပ်နှင့် မိုဝိုင်း လွတ်မြို့တွင် (၄ ) ဧက ဆောင်ရွက်မည်ဖြစ်ဖြင့် ၅၉၄၀၀၀ ကျပ်၊ ပေါင်း ၅၀၃ ဒသမ ၄၁၅ သိန်း ထောက်ပံ့ခြင်းဖြစ်ကြောင်း သိရသည်။
အမ်းအင်းလမ်း(ပြန်/ဆက်)