ချောင်းဦး ဇွန် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ စိုက်ပျိုးရေးဦးစီးဌာနတွင် ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ကျန်းမာရေးနှင့် ညီညွတ်သည့် နေကြာဆီ ထုတ်လုပ်နိုင်စေရေးအတွက် မိုးနေကြာပန်းတိုင် အထွက်နှုန်းထွက်ရှိရေး တောင်သူပညာပေးသင်တန်းကို ယနေ့ နေ့လယ် ၁နာရီအချိန်က ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး တောင်သူများအား နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကျော်၊ ခရိုင်မြေအသုံးချရေး တာဝန်ခံ ဦးစီးအရာရှိ ဒေါ်စီစီဝမ်း၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီး ဦးညွန့်အောင်နှင့် မိုးနေကြာစိုက်ပျိုးမည့် တောင်သူများ တက်ရောက်ခဲ့သည်။ နိုင်ငံတော်တွင် လိုအပ်နေသည့် ကျန်းမာရေးနှင့်ညီညွတ်သည့် နေကြာကို တောင်သူများ အားထားစိုက်ပျိုးကြရန်နှင့် စိုက်ပျိုးသည့်အခါ အထွက်နှုန်းကောင်းစေရန်အတွက် နည်းစနစ်တကျ စိုက်ပျိုးတတ်စေရန် စိုက်ပျိုးရေးဦးစီးဌာနမှပေးသည့် နည်းပညာများကို ရယူကြရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကျော်မှ အမှာစကားပြောကြားခဲ့သည်။ မြို့နယ်မြေစာရင်းဦးစီးမှူး ဦးညွန့်အောင်မှ ချောင်းဦးမြို့နယ်အတွင်း စိုက်ပျိုးမြေ ဧကများနှင့် စိုက်ပျိုးသီးနှံများအကြောင်း ပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးက သင်တန်းပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းပြခဲ့သည်။
သင်တန်းတက်ရောက်သည့် တောင်သူ ၃၀ဦးခန့်စိုက်ပျိုးမည့် မြေဧက ၇၃ ဧကအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကူညီထောက်ပံ့ပေးသည့် အထွက်တိုး ရေဆင်းစပ်မျိုး-၁ နေကြာမျိုးစေ့များ ပေးအပ်ခဲ့သည်။ မျိုးစေ့ထုတ်ကွက်အတွက် ဆင်းရွှေကြာ-၂ နေကြာမျိုးစေ့ ၁၀ ဧကစာအား စိုက်ပျိုးဦးစီးဌာနမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ သင်တန်းသားတောင်သူများအား မြေသြဇာ စနစ်တကျ သုံးစွဲနည်း၊ သဘာဝ မြေဆွေးကို ကိုယ်တိုင် ထုတ်လုပ်သုံးစွဲနည်း၊ သဘာဝပိုးသတ်ဆေး ထုတ်လုပ်သုံးစွဲနည်းများ နည်းပညာပေးခဲ့သည်။ ချောင်းဦးမြို့နယ်တွင် နှစ်စဉ် ဆောင်းနေကြာ ဧက ၂၀၀၀ ကျော် စိုက်ပျိုးခဲ့ပြီး မိုးနေကြာကို စိုက်ပျိုးခြင်းမရှိခဲ့ကြောင်း၊ ယခုနှစ်တွင်မှ စတင်၍ စိုက်ပျိုးနိုင်ရေး တောင်သူများအား ဆွေးနွေးပြီး ဧက၉၀ ခန့် စိုက်ပျိုးပြီးစီးကြောင်း၊ ယခုနှစ်မိုးရာသီတွင် ဧက ၂၀၀ခန့် စိုက်ပျိုးရန် ရာထားထားကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဝင်းမြင့်အောင်(ပြန်ဆက်)