လိပ်သို ဇွန် ၁၀
ကရင်ပြည်နယ်၊ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နံရံကပ်စာစောင်ပြဘုတ်တွင် မိုးတွင်းကာလခြင်လောက်လန်းများပေါက်ပွားလာ၍ သွေးလွန်တုတ်ကွေးဖြစ်ပွားမှုမရှိအောင် ကြိုတင်ကာကွယ်ရန်ရည်ရွယ်၍ သွေး လွန်တုတ်ကွေးရောဂါကာကွယ်ရေး အားလုံးပါဝင်ဆောင်ရွက်ပေးနံရံကပ်စာစောင်ကို ပြည်သူများအလွယ်တကူ လာရောက်လေ့လာဖတ်ရှုနိုင်စေရန် စီစဉ်ပြသထားပါသည်။
အဆိုပါနံရံကပ်စာစောင်တွင် သွေးလွန်တုတ်ကွေးရောဂါသည် နေ့အချိန်တွင်ကိုက်လေ့ရှိသော ခြင်ကျားကိုက်ခံရခြင်းကြောင့် ကူးစက်ပါသည်၊ ခြင်မရှိကသွေးလွန်တုတ်ကွေးရောဂါ မကူးစက်နိုင်ပါ၊ ခြင်လောက်လန်းမပေါက်ပွားအောင် ရေစည်၊ရေအိုးတွေကို ခြင်မဝင်နိုင်အောင် ဖုံးထားမယ်၊ ရေစည်၊ရေအိုးတွေရဲ့အတွင်းပိုင်းကို တစ်ပတ်တစ်ကြိမ်တိုက်ချွတ်ဆေးကြောပြီး သွန်မယ်၊ ဘုရားပန်းအိုး၊ အလှပန်းအိုးတွေကို တစ်ပတ်နှစ်ကြိမ်တိုက်ချွတ်ဆေးကြောပြီး ရေလဲမယ်၊ ရေရှားတဲ့ဒေသတွေမှာ ပိုးလောက်လန်းတွေကို ရေစစ်နဲ့စစ်ထုတ်မယ်၊ ခြင်ဥများသည့် ခြောက်သွေ့သောနေရာတွင်ပင် (၈)လခန့်အထိ အသက်ရှင်နေနိုင်သည့်အတွက် ရေစည်၊ရေအိုးများ၊ ဘုရားပန်းအိုးများ၏အတွင်းပိုင်းကို သေချာစွာတိုက်ချွတ်ဆေးကြောပါစသည့် အသိပညာပေးအကြောင်းအရာများကို ပြသထားကြောင်း သိရသည်။
လိပ်သို(ပြန်ဆက်)