ကော့ကရိတ် ဇွန် ၁၀
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်နယ်တွင် ဒေသဖွံဖြိုးတိုးတက်ရေးအတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့နံနက် ၁၀ နာရီက ကော့ကရိတ်မြို့ ဒေါနခန်းမ၌ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအပြောင်းအလဲတွင် လုံခြုံရေးသတိရှိရေး၊ ဝန်ထမ်းများပါတီနိုင်ငံရေးကင်းရှင်းရေး၊ မြို့ရွာသန့်ရှင်းသာယာလှပစေရေး၊ ကျန်းမာရေးအတွက် အားကစားဆောင်ရွက်ကြစေရေးနှင့် ကျန်းမာရေးနှင့်အညီစားသောက်နေထိုင်ရေး၊ အဂတိတရားကင်းကင်းဆောင်ရွက်ကြရေး၊ တာဝန်ယူတာဝန်ခံမှုရှိစေရေး၊ မိမိရဲ့လုပ်ငန်းအပေါ်ကျွမ်းကျင်မှုရှိရေး၊ ဝန်ထမ်းများစည်းလုံးညီညွတ်မှုရှိရေးစသည်ဖြင့် လမ်းညွှန်အမှာစကားပြောကြားသည်။
ထို့နောက် ကော့ကရိတ်ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဥက္ကဋ္ဌဦးထွန်းဝေက ခရိုင်၏ဒေသဆိုင်ရာအချက်အလက်များတင်ပြပြီး ဝန်ကြီးချုပ်မှ ကော့ကရိတ်မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ရန်အတွက် ကျပ်သိန်း(၁၀၀၀)၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် နယ်လုံဝန်ကြီးမှ လုံခြုံရေးတာဝန်ထမ်းဆောင်နေသော တပ်မတော်သားများအား ကျပ်(၁၀)သိန်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ကျပ်(၅)သိန်းတို့အား သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးထံသို့ ပေးအပ်ခဲ့သည်။ ယင်းနောက် ဝန်ကြီးချုပ်က မိမိတို့ဒေသဖွံဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လိုသည်များ၊ လိုအပ်သည်များနှင့် အခက်အခဲများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတင်ပြကြရန်ပြောကြားရာ ကျန်းမာရေးကဏ္ဍ၊ စိုက်ပျိုးရေးဏ္ဍတို့အား သက်ဆိုင်ရာဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်၊ ပြန်/ဆက်)