ပဲခူး ဇွန် ၁၀
အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကလေးသူငယ်များ အသက်ရှင်သန်မှုဆိုင်ရာ၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ၊ ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ၊ ပါဝင် ဆောင်ရွက်မှုဆိုင်ရာ အခွင့်အရေးများနှင့် ဥပဒေဆိုင်ရာများကို ကျောင်းသား၊ ကျောင်းသူများ သိရှိစေရန်ရည်ရွယ်၍ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ပဲခူးမြို့ အ.ထ. က(၃) ဝိုင်အမ်ဘီအေခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန တိုင်းညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံးက အဖွင့်အမှာစကား ပြောကြားပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါဝင်းကျော်က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
မြို့နယ်အတွင်း ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ လုပ်ငန်းများအဖြစ် ရပ်ရွာလူထု များအား အသိပညာပေးခြင်း၊ စွမ်းရည်မြှင့်တင်မှုများ ဆောင်ရွက်ခြင်း၊ ကလေးငယ်များ၏ အသံအား နားထောင်ပေးခြင်း၊ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် ပူးပေါင်း၍ ကလေးသူငယ်များ အခွင့်အရေးများနှင့်ပတ်သက်သည့် လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အထူးသဖြင့် ယခုလက်ရှိမှာ ကလေးများအား ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ရပ်တန့်ဖို့ မြို့နယ်အတွင်းလှုပ်ရှားမှုများ ဆောင်ရွက်နေကြာင်း လူမှုဝန်ထမ်းဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးကျော်ကျော်ဟန်က တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား ပါဝါပွိုင့်ဖြင့် ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင်