ဖြူးမြို့နယ်၊ ကြို့ပင်သာကျေးရွာတွင် မီးလင်းရေးဖွင့်ပွဲကျင်းပ

ဖြူး ဇွန် ၁၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ အကြပ်အင်းကျေးရွာအုပ်စု၊ ကြို့ပင်သာကျေးရွာ လျှပ်စစ်မီးရရှိရေးအတွက် NEP Phase-II အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့သော (50KVA) ထရန်စဖော်မာမှ အိမ်ခြေ(၃၁)အိမ်အတွက် အိမ်သုံးလျှပ်စစ်မီတာများဖြင့် လျှပ်စစ်ဓါတ် အားပေးနိုင်ပြီ ဖြစ်သောကြောင့် မီးလင်းရေးဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါ ကျေးရွာတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြို့ပင်သာကျေးရွာ လျှပ်စစ်မီးရရှိရေးအတွက် 33/11KV-20MVA ဓါတ်အားခွဲရုံမှ ဓါတ်အားပို့လွှတ်ထားသော 11KV ဘန်းလောင်ဖီဒါ ကြို့ပင်သာကျေးရွာထိပ်မှ Tap Off ယူ၍ ကျေးရွာကိုယ့်အားကိုယ်ကိုး အစီအစဉ်ဖြင့် 400V လိုင်း ဆောင်ရွက်ခဲ့ရာ လျှပ်စစ်မီးသုံးစွဲ နိုင်ပြီ ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။

မီးလင်းရေး ဖွင့်ပွဲတွင် ရှေးဦးစွာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူက အဖွင့်အမှာ စကားပြောကြားသည်။ ဆက်လက်၍ ဖြူးမြို့နယ်လျှပ်စစ်အင်ဂျင်နီယာဦးအောင်မြင့်ကြည်က ကျေးရွာ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးမှုနှင့် လျှပ်စစ်မီးကို အန္တရာယ်ကင်းစွာ သုံးစွဲရမည့် အချက်များအား ရှင်းလင်းပြောကြားပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာလျှပ်စစ် မီးလင်းရေးကော်မတီမှ တာဝန်ရှိသူများက ကျေးရွာလျှပ်စစ်မီးရရှိရေးအတွက် ကျေးဇူးတင်စကားနှင့် ကုန်ကျမှုစာရင်းအား ရှင်းလင်းခဲ့ကြောင်း သိရသည်။

ထို့နောက်ကြို့ပင်သာ ကျေးရွာမီးလင်းရေးကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူ၊ အဖွဲ့၀င်(၁)ဗိုလ်မှူးလှမျိုးသိန်းနှင့် အဖွဲ့ဝင်များ၊ ဖြူးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာနှင့် ကျေးရွာ မီးလင်းရေး ကော်မတီဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်