ကျွန်းလှ၌ မိုးစပါးမျိုးစေ့ထုတ်စံပြကွက် စိုက်ပျိုးမည့် တောင်သူများအား ပေါင်စနစ်ဖြင့် ပျိုးထောင်နည်း ကွင်းသရုပ်ပြပွဲပြုလုပ်

ကျွန်းလှ ဇွန် ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာ၊ တောင်သူ ဦးနိုင်၏ လယ်မြေတွင် ယနေ့နေ့ နံနက် ၁၀ နာရီက မိုးစပါးမျိုးစေ့ထုတ်စံပြကွက် စိုက်ပျိုးမည့် တောင်သူများအား ပေါင်စနစ်ဖြင့်ပျိုးထောင်နည်း ကွင်းသရုပ်ပြပွဲပြုလုပ်ကြောင်း သိရသည်။

“ မိုးစပါးမျိုးစေ့ထုတ်စံပြကွက် စိုက်ပျိုးရာမှာ တစ်ဧက မျိုးစေ့ ၆ ပြည် (သို့မဟုတ်) ၁၀ ပြည်ကို မျိုးညှောက်ဖောက်ရပါတယ်။ ပျိုးခင်းအတွင်း အလျား ၁၂၀ ပေ၊ အနံ ၃ ပေ၊ အမြင့် ၄ လက်မရှိ ပေါင်ခုနှစ်ပေါင်ကို ၈၄၀ ပေရရှိအောင် ပြုလုပ်ရပါတယ်။ မျိုးစေ့များပူကပ်ခြင်း မရှိစေရန် မြေဆွေး၊ ဖွဲပြာဖုံးအုပ်ရပါတယ်။ ပျိုးသက် (၂၀ မှ ၂၅) ရက်သားရရင် ချက်ချင်းနုတ် ချက်ချင်းစိုက်ရပါတယ်” ဟု ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ရှင်းလင်းပြောကြားသည်။

ပေါင်စနစ်ပျိုးထောင်ခြင်းဖြင့် မျိုးစေ့ဖိုးကုန်ကျစရိတ်သက်သာပြီး ပျိုးပင်များ တုတ်တိုသန်မာကြောင်း၊ တန်းကြားပင်ကြား (၈×6)လက်မ စိုက်ပျိုးခြင်းကြောင့် ကောက်ကွက်ပြည့်မီခြင်း၊ လေဝင်လေထွက်ကောင်းမွန်ခြင်း၊ ပေါင်းမြက်ရှင်းလင်းရလွယ်ကူခြင်းနှင့် မျိုး‌ကောင်းမျိုးသန့်ရရှိပြီး တစ်ဧကတင်း ၁၀၀ အထက်ထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပေါင်စနစ်ဖြင့်ပျိုးထောင်နည်း ကွင်းသရုပ်ပွဲသို့ ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် ဝန်ထမ်းများ မိုးစပါးမျိုးစေ့ထုတ်စံပြကွက်စိုက်ပျိုးမည့် ရှမ်းစု၊ တပ်ကုန်း၊ မကျီးအင်းကျေးရွာတို့မှ တောင်သူများ တက်ရောက်ကြကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ