ခမောက်ကြီးမြို့ရှိ အသက်(၅)နှစ်နှင့်(၁၂) နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေး

ခမောက်ကြီး ဇွန် ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့ရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်နှင့် (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းကစ၍ ခမောက်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။

အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် ခမောက်ကြီးမြို့တိုက်နယ်ဆရာဝန် ဦးအောင်ကျော်ထူးနှင့် ကျန်းမာရေးဌာနမှ ဆရာ၊ ဆရာမများက အ-ထ-က ခမောက်ကြီးကျောင်းတွင် ဆေးထိုးစုရပ်အဖြစ်ထားရှိ၍ အ-ထ-က ခမောက်ကြီးကျောင်း၊ မူလွန်အမှတ်(၄)ကျောင်းမှ အသက်(၅)နှစ်နှင့် (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများကို (Sinopharm) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဆေးတစ်လုံးလျှင် ကလေး(၅)ဦးနှုန်းဖြင့် ကာကွယ်ဆေးများထိုးနှံပေးခဲ့ကြသည်။ ထိုသို့ကာကွယ်ဆေးထိုးနှံပြီးသူကလေးများ အာဟာရဖြည့်စွတ်ရန်အတွက် သက်ဆိုင်ရာအတန်းလိုက် အလှူရှင်အသီးသီးမှ အားဖြည့်အချိုရည်နှင့်မုန့်များ တိုက်ကျွေးခဲ့ကြသည်။

ထိုသို့ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာကျောင်းအုပ်ကြီးများနှင့် ဆရာ၊ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျောင်းသူ၊ ကျောင်းသားကြီးများက ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ရူပါမြင့်(ခမောက်ကြီး)