ပေါက်ခေါင်း ဇွန် ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ကျောင်းသား / ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အသက် (၅) နှစ်မှ (၁၂) နှစ်ထိ ကျောင်းသား / ကျောင်းသူ များအား ကိုဗစ်-၁၉ ကာကွယ်ဆေး ကိုဇွန်လ ၂ ရက်နေ့မှ စတင်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က မြို့နယ်အတွင်း အခြေခံပညာမူလတန်း၊ မူလတန်းလွန်၊ အလယ်တန်းကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူ (၃၀၀) ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးပေးခဲ့ရာ ထိုးနှံပြီးစီးသူဦးရေ ရာနှုန်းပြည့် ကျော်လွန်ပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေး ဝန်ထမ်းများနှင့် ဆရာ/ ဆရာမများက ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေ ရှိမှသာ စနစ်တကျ ကာကွယ်ဆေးထိုးနှံပေးပြီး၊ ကာကွယ်ဆေးထိုးနှံပေးရာတွင် မိဘအုပ်ထိန်းသူများ၏ သဘောတူခွင့်ပြုချက်ရရှိမှသာ ထိုးနှံပေးခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ဇွန်လ (၂) ရက်နေ့မှ (၉) ရက်နေ့ထိ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးဖြစ်သည့် ကျောင်းသား / ကျောင်းသူ (၈၈၇၅) ဦးရှိပြီဖြစ်ပြီး မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးရန် အကျုံးဝင်သူ လျာထားသူဦးရေမှာ (၈၇၂၂) ဦးရှိသောကြောင့် ဆေးထိုးနှံပြီးစီးမှုမှာ ရာနှုန်းပြည့် ကျော်လွန်ရှိပြီဖြစ်ကြောင်း သိရသည်။ ယနေ့ ဇွန်လ ၁၀ ရက်နေ့တွင်လည်း သက်ဆိုင်ရာ စာသင်ကျောင်းများတွင် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်းသိရသည်။
သန်းထွန်းအောင်( ပြန်/ဆက်)