တောင်တွင်းကြီး စက်တင်ဘာ ၇
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ဖွင့်လှစ်ထားရှိသည့် ရတနာပင် စည်ဘုန်းတော်ကြီး ကျောင်းတိုက် ၊ ညောင်ပင်လှမူလတန်းလွန်ကျောင်းနှင့် ညောင်ပင်သာကျေးရွာရှိ Community Base Facility Quarantine Center များတွင် ထားရှိသည့် နေရပ်ပြန်၊ ရခိုင်ပြည်နယ်ပြန်နှင့် COVID - 19 ရောဂါပိုးတွေ့ အတည်ပြုလူနာများနှင့် ဆက်စပ်သူများအနက် ပြည်ပပြန်(၅၇)ဦး၊ ရခိုင်ပြည်နယ်ပြန်(၂) ဦး၊ ပိုးတွေ့ အတည်ပြုလူနာ (Case-1160)နှင့် ဆက်စပ်သူ(၁)ဦး (အသက် ၄၄ နှစ်ရှိ အမျိုးသမီး၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ စာတိုက်ရုံးဝန်ထမ်း) တို့ထံမှ COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးနိုင်ရန်အတွက် နှာခေါင်းနှင့် အာခေါင်တို့ဖတ် Swab များအား ယနေ့နံနက်က ရယူခဲ့ကြောင်း သိရသည်။
နှာခေါင်းနှင့် အာခေါင်တို့ဖတ် Swab များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များ နှင့်အညီ တောင်တွင်းကြီးမြို့နယ် ကျန်းမာရေးဝန်ထမ်းများမှ စနစ်တကျရယူခဲ့ပြီး ယနေ့ ညပိုင်းတွင် သက်ဆိုင်ရာ ရောဂါပိုး စစ်ဆေးရေး စင်တာများသို့ ပို့ဆောင်စစ်ဆေးသွားမည်ဖြစ်ကြောင်းနှင့် ကျန်ရှိနေသည့် ပြည်တွင်း နေရပ်ပြန် ၊ ပြည်ပပြန် နှင့် ပိုးတွေ့အတည်ပြုလူနာနှင့် ဆက်စပ်သူများ၏ နှာခေါင်း ၊ အာခေါင်တို့ဖတ် Swab များကိုလည်း အချိန်နှင့်တစ်ပြေးညီ ရယူစစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း တောင်တွင်းကြီး မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကြည်ကြည်မာ၏ ပြောကြားချက်အရ သိရသည်။
အေးမိုးမိုးမြင့် (ပြန်/ဆက်)