ကျုံပျော်မြို့နယ် ဒိုက်ပျက်ကျေးရွာအတွင်း၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ကျုံပျော် ဇွန် ၁၀

မိုးဦးကာလ ခြင်ပေါက်ပွားမှုများသော ရာသီရောက်လာသည်နှင့်အညီ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ် ဒိုက်ပျက်ကျေးရွာ၌ ယနေ့ နံနက်က ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်း၊ ဒိုက်ပျက်တိုက်နယ်မှ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူ များ လိုက်ပါ၍ ကျေးရွာအတွင်းရှိ နေအိမ်များတွင် ပိုးလောက်လမ်း ပေါက်ပွားမှုရှိ/မရှိ လိုက်လံ စစ်ဆေးပြီး အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ထို့နောက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ အပတ်စဉ် ပုံမှန်ဆောင်ရွက်ရန်၊ မိုးရေတင်နိုင်သော တာယာကွင်းများ၊ အိုးခွက်များအတွင်း ခြင်ပေါက်ပွားမှု မရှိစေရေး ဆောင်ရွက်ရန်တို့ကို အသိပညာပေးပြီး သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ပညာပေးလက်ကမ်း စာစောင်များအား ဖြန့်ဝေပေးခဲ့ကြသည်။

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် အုပ်ချုပ်ရေးအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကာ အသိပညာပေးလုပ်ငန်းများ အပတ်စဉ် လိုက်လံဆောင်ရွက်‌ပေးလျက်ရှိပြီး ပြည်သူများဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှင့် အသက်အန္တရာယ်တို့မှ ကင်းဝေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)