ကန့်ဘလူ ဇွန် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၂ ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဝင်ရောက်ယဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်က (၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို မကြာမီ ကျင်းပပြုလုပ်မည်ဖြစ်ရာ တိုင်းဒေသကြီးကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် မြို့နယ်အဆင့်ပြိုင်ပွဲဝင်များ ရွေးချယ်ရေးကော်မတီမှ ဌာနဆိုင်ရာများ၊ ပညာရှင်များက ပါဝင်ယဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအား ရွေးချယ်နိုင်ရေး၊ ပြိုင်ပွဲဝင်ဘာသာရပ်များအား ကြိုတင်လေ့ကျင့်နိုင်ရန်နှင့် လိုအပ်သည့်ကိစ္စရပ်များအား မိမိတို့ကော်မတီမှ ဖြည်းဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာသည့် ပညာရှင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက တိုင်းဒေသကြီးကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် မြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ယှဉ်ပြိုင်မည့် ပြိုင်ပွဲများ ရွေးချယ်ဆွေးနွေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးသည်။
အဆိုပါ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ဘာသာရပ်များအနေဖြင့် အဆိုပြိုင်ပွဲ (အမျိုးသား၊ အမျိးသမီး)၊ အကပြိုင်ပွဲ (အမျိုးသား၊ အမျိုးသမီး)၊ အရေးပြိုင်ပွဲ (အမျိုးသား၊အမျိုးသမီး) နှင့်အတီးပြိုင်ပွဲများတွင် သတ်မှတ်ဘာသာရပ်များအလိုက် ဝင်ရောက်ယှဉ်ပြိုင်ကြရမည်ဖြစ်ကြောင်းနှင့် မည်သူမဆိုဝင်ရောက် ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)