ပုသိမ် ဇွန် ၁၀
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့ နေ့လယ်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ဘိုကလေးမြို့နယ်၊ ကဒုံကနိကြိုးဝိုင်း၊ အကွက်အမှတ်(၅၄)ရှိ ဧရိယာ(၅) ဧကတွင် ပြုလုပ် သော ဒီရေတောသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်၍ သစ်ပင်များ စိုက်ပျိုးပေးခဲ့သည်။
သစ်ပင်စိုက်ပျိုးပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ဒီရေတောများနှင့် သစ်တောများက လူသားတို့အတွက် လိုအပ်သော အစားအစာ၊ ဆေးဝါး၊ အဝတ်အစား၊ သစ်၊ တိုင်၊ မျော ထင်း၊ လောင်စာဆီစသည့် အခြေခံလိုအပ်ချက်တို့ကို ပုံမှန်ထုတ်ပေးရုံသာမက သက်ရှိလောကကြီး တစ်ခုလုံး၏ ရှင်သန်မှုအတွက် မရှိမဖြစ်လိုအပ်သော အောက်ဆီဂျင်ကို အမြဲမပြတ် ထုတ်ပေး လျက်ရှိပြီး ရာသီဥတုပြောင်းလဲမှုကို အများဆုံးဖြစ်စေသည့် ဓာတ်ငွေ့ဖြစ်သော ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ကို စုပ်ယူထိန်းပေးလျက်ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အနေဖြင့် ဒီရေတောများထိန်းသိမ်းခြင်းနှင့် စိုက်ပျိုးတည်ထောင်ခြင်းကို အကောင်အထည် ဖော်နေသလို တစ်ဖက်မှလည်း သစ်တောပြုန်းတီးမှုများ မပေါ်ပေါက်အောင် သက်ဆိုင်ရာ အဖွဲ့မှ နည်းမျိုးစုံဖြင့် ထိန်းသိမ်းကာကွယ်ကြဖို့ လိုအပ်လာသည့်အတွက် ဒီရေတောများ စိုက်ပျိုး၊ ထိန်းသိမ်းခြင်းလုပ်ငန်းတို့ကို အားလုံးပူးပေါင်းပါဝင်ကြစေလိုကြောင်း” တိုက်တွန်း ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က တာဝန်ရှိသူများထံသို့ ပျိုးပင်များပေးအပ်ခဲ့ပြီး ဌာနဆိုင်ရာများ၊ ဒေသခံ ပြည်သူများနှင့် အတူ ဗြူးရွှေဝါ၊ သမဲ့ကြီး၊ ကျန၊ ပင်လယ်အုန်း၊ အုန်း စသည့်ပျိုးပင် စုစုပေါင်း ၆၀၅၀ ပင်အား စိုက်ပျိုးပေးခဲ့ကြကာ ဒီရေတောသစ်ပင် စိုက်ပျိုးနေမှုများအား လှည့်လည် ကြည့်ရှုခဲ့သည်။
ထို့နောက် ဗြုံးမွှေးကျွန်း ပျိုးဥယျာဉ်သို့ရောက်ရှိ၍ ပျိုးပင်များ ပျိုးထောင်ထားရှိမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးစီးဌာနမှူးက ဗြုံးမွှေးကျွန်းပျိုးဥယျာဉ်တွင် ဗြူးရွှေဝါ၊ ကျန၊ သမဲ့၊ကနစို၊ ရေခရား၊ မဓမ၊ သမဲ့ကြက်တက်၊ လမု၊ အုန်း စသည့် ပျိုးပင်အမျိုးအစား ပျိုးပင်ပေါင်း (၁၀၁၉၆၁၁)ပင်အား ပျိုးထောင်ထားရှိ သည့် အနက်မှ (၇၄၃၀၄၀)ပင်အား ဧရိယာ (၆၁၄) ဧကတွင် စိုက်ပျိုးမည့် အခြေအနေ များအား ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒီရေတော ပတ်ဝန်းကျင် တွင် နေထိုင်ကြသော ပြည်သူများအား ဒီရေတော၏ အရေးပါမှု ဒီရေတော၏ အကျိုး ကျေးဇူးများကို ကောင်းစွာ သိရှိနားလည်ရန်အတွက် အသိပညာပေးခြင်း စည်းရုံးရေးများ လုပ်ဆောင်စေရေး၊ ဒီရေတောကြိုးဝိုင်းနှင့် ဒီရေတော ပေါက်ရောက်ဧရိယာများတွင် ဒီရေ တောများ ခုတ်ထွင်ရှင်းလင်းမှု မရှိစေရန်နှင့် ကျူးကျော်မှုမရှိစေရန် ကင်းလှည့်စစ်ဆေးရန် လမ်းညွှန်မှာကြားခဲ့ပြီး ဒီရေတော ထိန်းသိမ်းရေးဝန်ထမ်းများကို အားပေးစကားများ ပြောကြား ၍ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဆက်ကျွန်းကျေးရွာအုပ်စု၊ ငါးပုတ်သင်တန်းကျေးရွာ အခြေခံပညာမူလတန်း ကျောင်းသို့ သွားရောက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဆရာ၊ ဆရာမများနှင့် တွေ့ဆုံကာ တင်ပြမှုများအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)