ငါးရစ်တက်ချိန်နှင့် ငါးသားပေါက်သော မိုးရာသီတွင် ငါးဖမ်းခြင်းမပြုရန် မြို့နယ်အတွင်း အသိပေးနှိုးဆော်ထားပြီး ကြပ်မတ်စစ်ဆေး

ဝါးခယ်မ ဇွန် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်း ငါးရစ်တက်ချိန်နှင့် ငါးသားပေါက်သော မိုးရာသီတွင် ငါးဖမ်းခြင်းမပြုရန် အသိပေးနှိုးဆော်ထားပြီး ကြပ်မတ်စစ်ဆေးလျက်ရှိကြောင်း မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

မိုးဖြိုင်ဖြိုင်ရွာသော မေလ၊  ဇွန်လနှင့် ဇူလိုင်လများတွင် မြစ်ချောင်း၊ အင်းအိုင် အနှံ့အပြား၌ ဥများပြည့်နေသော ငါးမကြီးများ၊ မျိုးရည်ပြည့်ဝနေသော ငါးထီးကြီးများသည် ဥချရန်နေရာရှာဖွေ၍ ငါးရစ်တက်ကြကြောင်း၊ ယင်းတို့ ကို ဖမ်းဆီးလိုက်ပါက ပေါက်ပွားလာမည့် သန်းပေါင်းများစွာသော ငါးသားပေါက်၊ ငါးသန်များသည်လည်း သေကြေပျက်စီးသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တစ်နိုင်ငံလုံး ဖူလုံစွာ စားသုံးမှုနှင့် အမျိုးသားစီးပွားရေး ဖွံ့ဖြိုးမှုကို အထောက်အကူမပြုဘဲ ငါးမျိုးပြုန်းတီးသွားစေနိုင်ကြောင်း သိရသည်။

ယင်းသို့ ငါးမျိုးပြုန်းတီးမှု မဖြစ်စေရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငါးရစ်ငါးသန်ရာသီချိန်များတွင် ငါးများဖမ်းဆီးခြင်းမပြုရန် အသိပေးနှိုးဆော်ချက်များ ထုတ်ပြန်တားမြစ်ထားကြောင်း၊ ပြည်သူများအနေဖြင့် နုနယ်လှသော ငါးသားပေါက်များ ဆက်လက်ရှင်သန် ကြီးထွားနိုင်ရန် ငါးရစ်ငါးများနှင့် ငါးသားပေါက်များကို ဖမ်းဆီးခြင်းမပြုဘဲ ဘေးမဲ့ပေးကြရန် မြို့နယ်အတွင်း အသိပေးနှိုးဆော်ထားကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ယမင်းသန့်၏ ပြောကြားချက်အရ သိရသည်။

ဝါးခယ်မမြို့နယ်အတွင်း မြစ်ချောင်း၊ အင်းအိုင် အနှံ့အပြား၌ ငါးရစ်ငါးသန် ရာသီချိန်များတွင် ငါးဖမ်းဆီးခြင်း မပြုရန်အတွက် ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ယမင်းသန့်နှင့် ဝန်ထမ်းများ၊ တာဝန်ရှိသူများက အသိပညာပေး လက်ကမ်းစာစောင်များ၊ နှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်းနှင့်  တားမြစ်ချက်များ အား လိုက်နားခြင်းမရှိပါက ရေချိုငါးလုပ်ငန်း ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဟိန်းထက်လင်း