ဟိုင်းကြီးကျွန်းမြို့တွင် ငါးသယံဇာတထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

ဟိုင်းကြီးကျွန်း ဇွန် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ငါးသယံဇာတများ မပြုန်းတီးစေရေးအတွက် ငါးသယံဇာတထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်(၉) နာရီအချိန်က ဟိုင်းကြီးကျွန်းမြို့ ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဟိုင်းကြီးကျွန်းမြို့ ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးသန်းထွန်းအောင်မှ မေ၊ ဇွန်၊ ဇူလိုင်လ များသည် ငါးရစ်၊ ငါးသန် ကာလဖြစ်ပြီး ငါးများမိတ်လိုက်၊ ဥချ၊ သားပေါက်သည့် ရာသီချိန် ဖြစ်ပါသဖြင့် အဆိုပါရာသီတွင် တားမြစ်ငါးဖမ်းကိရိယာများဖြင့် ငါးဖမ်းဆီးခြင်း၊ ပိုက်စိမ်း ဘဝင်းထောင်ခြင်း၊ ဘတ္တရီရှော့တိုက်၊ မိုင်းခွဲ၊ အဆိပ်ချ၍ ငါးဖမ်းဆီးခြင်း၊ ကမ်းနီးတရွတ်ဆွဲ၍ ငါးဖမ်းဆီးခြင်း၊ ငါးမန်းဖမ်းဆီးခြင်း၊ ငါးမျှားစင်္ကြာဖြင့် ငါးဖမ်းဆီးခြင်း၊ သတ်မှတ် အတိုင်းအတာနှင့် မပြည့်မှီသောဂဏန်းများ ဖမ်းဆီးခြင်းတို့ကို မပြုလုပ်ကြရန်နှင့် ထိုသို့ပြုလုပ်၍ ဖမ်းဆီးပါက ငါးသယံဇာတများ ပြုန်းတီးသွားပြီး နောင်တွင် ငါးသယံဇာတ ရှားပါးလာမှုများနှင့် ရင်ဆိုင်ကြရမည်ဖြစ်ကြောင်း အသိပညာပေး ပြောကြားပါသည်။

ဆက်လက်ပြီး ငါးသယံဇာတများသည် ဂေဟစနစ်ကိုထိန်းသိမ်းရာတွင်လည်း အရေးပါသော အခန်းဏ္ဍမှ ပါဝင်နေသည့်အတွက် ငါးသယံဇာတများအား မပြုန်းတီးစေဘဲ ထိန်းသိမ်း ဆောင်ရွက်ကြရန်နှင့် ငါးသယံဇာတများ မပြုန်းတီးစေရေး လိုက်နာဆောင်ရွက်ကြရမည့် အချက်များအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲသို့ မြို့အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ကမ်းဝေး/ကမ်းနီး ရေလုပ်ငန်းရှင်များ၊ ရေလုပ်သားများနှင့် စိတ်ပါဝင်စားသူ ဒေသခံပြည်သူများ တက်ရောက် ခဲ့ကြပြီး သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ ဟိုင်းကြီးကျွန်းမြို့ ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးသန်းထွန်းအောင်မှလည်း ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ကြောင်း သိရသည်။

လှိုင်မျိုးအောင် (ဟိုင်းကြီးကျွန်း ပြန်/ဆက်)