အုတ်တွင်းမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး အသိပညာ‌ပေး ဆွေးနွေးပွဲ ဆောင်ရွက်

အုတ်တွင်း ဇွန် ၁၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်း  စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး အသိပညာ‌ပေးဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲပိုင်းက မဲကုန်းရပ်ကွက်၊ မိုဃ်းကောင်းဘုရားဝင်းရှိ ဓမ္မာရုံ၌ အသိပညာဆွေးနွေးပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးအေးမင်းနိုင်က ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက်  စိုက်ပျိုးရေး၊ မွေးမြူရေးများ ဖွံ့ဖြိုးတိုးတက်စေရေး၊  ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူတစ်ဦးချင်းစီ၏ ဝင်ငွေတိုးတက် မြင့်မားလာစေရေးအတွက် လိုအပ်သည်များအား ဖြည့်ဆည်းညှိနှိုင်းပံ့ပိုး ဆောင်ရွက်ပေးနိုင်ရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ လာရောက်တွေ့ဆုံ ဆွေးနွေးဆောင်ရွက်ခြင်းဖြစ်ကြောင်း မိဘပြည်သူများ အနေဖြင့်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မိမိဒေသဖွံ့ဖြိုးတိုး တက်စေရေးအတွက် လိုအပ်သည်များအား  ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းဦးက စိုက်ပျိုးရေး ကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း၊ ဒေသခံတောင်သူများအား သဘာဓာတ်မြေသြဇာ ပြုလုပ်နည်းကိုလက်တွေ့ သင်ကြားပြသပေးခဲ့ကြောင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယကြီးကြပ်ရေးမှူး ဒေါ်စန်းစန်းထွေးက တိရစ္ဆာန်များအစာအဖြစ် နေပီယာမြက်များ စိုက်ပျိုးနိုင်ရေး အကြောင်းအရာများနှင့် မွေးမြူရေး ကိစ္စရပ်များကိုလည်းကောင်း၊ ဆည်မြောင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်မြချိုက စိုက်ပျိုးရေပေးဝေမှု အခြေအနေများအားလည်းကောင်း၊ စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းနိုင်က စက်မှုလယ်ယာကဏ္ဍ အသီးသီးအားလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒေသခံတောင်သူများက သိရှိလိုသည်များ မေးမြန်းရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်းနှင့် သက်ဆိုင်ရာ ဦးစီးဌာန အသီးသီးကလည်း အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)