မင်းလှ၌ စိုက်ပျိုးရေးနှင့်မွေးမြူရေး ကုန်ထုတ်လုပ်မှုတိုးတတ်မြှင့်မားရေး အသိပညာပေး‌ဆွေးနွေးဟောပြော

မင်းလှ ဇွန် ၁၀

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အတွင်းရှိ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတတ်ရေးကို ရည်ရွယ်၍ စိုက်ပျိုးရေးနှင့်မွေးမြူရေး ကုန်ထုတ်လုပ်မှု တိုးတတ်မြှင့်မားရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက ထောက်ကြန့်ကွင်းအုပ်စု၊ ဦးတိုကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေး ဆွေးနွေးပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကြည်သာက အမှာစကားပြောကြားပြီး၊ မြို့နယ်စာသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်စက်မှု လယ်ယာဦးစီးဌာနတို့မှ တာဝန်ရှိသူများက ဌာနအလိုက်ဆောင်ရွက်ပေးခြင်းကို တောင်သူများ အနေဖြင့်အကျိုးရှိစွာ လိုက်နာဆောင်ရွက်ရေးတို့ကို အသီးသီးဆွေးနွေးပြောကြား၍ တောင်သူများ သိရှိလိုသည့်အချက်များကို မေးမြန်းဆွေးနွေးခဲ့ရာ သက်ဆိုင်ရာဌာနများက ဆွေး နွေး ဖြေကြားပေးခဲ့သည်။

မင်းလှမြို့နယ်အတွင်း အဆိုပါအသိပညာပေး ဟောပြောပွဲများကို ကျေးရွာအုပ်စုများအလိုက် အရှိန်ဟုန်မြှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

သန့်ဇင်စိုး