ကျုံပျော်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်

ကျုံပျော် ဇွန် ၁၀

လူငယ်များ စာရိတ္တကောင်းမွန်ပြီး ကျန်းမာကြံ့ခိုင်စေရန်၊  အသိပညာ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင်  လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးရန်နိုင်ဝင်းက လူငယ်များအတွက် အသိပညာပေး ဟောပြောပွဲများ မကြာခဏ ကျင်ပပေးရန် လိုအပ်ကြောင်း၊ သို့မှသာ နိုင်ငံတော်အတွက် အားထားရသည့် အသိအလိမ္မာပြည့်ဝသောလူငယ်များ များစွာ ပေါ်ထွန်းလာမည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် လက်ထောက်မြို့နယ်ပညာရေးမှူး ဆရာကြီးဦးသိန်းစိုးက "လူငယ်နှင့်ပညာရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က "လူငယ်နှင့် စာဖတ်ရခြင်း အကျိုးကျေးဇူးများ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်နှင်းနှင်းအေးက "လူငယ်နှင့် အားကစား" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဟောပြောခဲ့သည်။

ထို့နောက် ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါးအားကစား အစီအစဉ်အဖြစ် အားကစားနည်းပြများ ဦးဆောင်ကာ Grade-9 ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ ကိုယ်လက်လှုပ်ရှား ကျန်းမာရေး လေ့ကျင့်ခန်းများကို  ပြုလုပ်ကြပြီး၊ အ ထ က (၁) ကျောင်းအုပ်ဆရာကြီး ဦးလှနိုင်က အသိပညာပေး ဟောပြောပွဲ ကျင်းပ‌ပေးခြင်းအတွက် ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)