၂၀၂၂-၂၀၂၃ ပညာသင်နှစ် မူလတန်းဆရာဖြစ် လုပ်ငန်းခွင်အကြို ရက်တိုသင်တန်းသို့ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တွေ့ဆုံအားပေး

လေးမျက်နှာ ဇွန် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နေ့လည်ပိုင်းက လေးမျက်နှာမြို့နယ် မြို့နယ်ပညာရေးမှူးရုံး ပညာရတနာခန်းမတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မူလတန်းဆရာဖြစ် လုပ်ငန်းခွင်အကြို ရက်တိုသင်တန်း သင်ကြားနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။

ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မူလတန်းဆရာဖြစ် လုပ်ငန်းခွင်အကြို ရက်တိုသင်တန်း တက်ရောက်နေသူများအား မူလတန်းဆင့်ပညာရေးသည် အရေးကြီးကြောင်း၊ ကလေးငယ်များကို လိမ္မာယဉ်ကျေးသော ကလေးငယ်များ၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်သော ကလေးငယ်များဖြစ်အောင် ကြိုးစားသင်ကြားပေးစေလိုကြောင်း၊ မကြာခင်အချိန်အတွင်း နိုင်ငံ့ဝန်ထမ်းများ ဖြစ်လာတော့မည်ဖြစ်သဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပြုမူနေထိုင်လိုက်နာပြီး ကလေးငယ်များအား နိုင်ငံတော်ကို ချစ်မြတ်နိုး တတ်အောင် သင်ကြားပြသပေးစေလိုကြောင်း၊ ဆရာ/မများအနေဖြင့် ဘေးကင်းလုံခြုံပြီး စိတ်အေး ချမ်းသာစွာ စာပေသင်ကြားပေးနိုင်ရေးအတွက် တရားဥပဒေစိုးမိုးရေးကိုလည်း ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း၊ ဆရာ/မများ၊ ကျောင်းသား/သူများ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရန်နှင့် သွေးလွန် တုပ်ကွေးရောဂါ မဖြစ်ပွားစေရေး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။

လေးမျက်နှာမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မူလတန်းဆရာဖြစ် လုပ်ငန်းခွင်အကြို ရက်တို သင်တန်းတွင် ကျား(၈)ဦး၊ မ(၄၈)ဦး၊ စုစုပေါင်း(၅၆)ဦး တက်ရောက်သင်ကြားနေကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)