သာပေါင်းမြို့နယ်တွင် "သားစဉ်မြေးဆက် စားသုံးဖို့၊ ငါးသယံဇာတထိန်းသိမ်းစို့" ငါးသယံဇာတ ထိန်းသိမ်းရေး မြေစိုက်ပိုစတာ ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် ငါးလုပ်ငန်းအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

သာပေါင်း ဇွန် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က အမှတ်(၂) ရပ်ကွက်၊ ကန္နားလမ်း၊ စည်ပင်ပန်းခြံရှေ့တွင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ "သားစဉ် မြေးဆက်စားသုံးဖို့၊ ငါးသယံဇာတထိန်းသိမ်းစို့"၊ ငါးရစ်ငါးသန်ငါးများ မဖမ်းဆီးရေး အသိပညာပေး မြေစိုက်ပိုစတာ ဆိုင်းဘုတ်စိုက်ထူပွဲ ကျင်းပခဲ့သည်။

မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် နိုင်ငံပိုင်ရေသယံဇာတများ ပျက်စီးဆုံးရှုံးခြင်းမှ ကာကွယ်ရန်၊ နိုင်ငံသားများ၏ ရေရှည်အကျိုးစီးပွားအတွက် ရေသယံဇာတများအား စနစ်တကျ အသုံးပြုတတ်စေရန်နှင့် ရေထွက်ပစ္စည်းများမှ ရရှိသည့် အကျိုးကျေးဇူးများကို ပြည်သူများ အပြည့်အဝခံစားနိုင်စေရန် ရည်ရွယ်၍ "သားစဉ်မြေးဆက်စားသုံးဖို့၊ ငါးသယံဇာတထိန်းသိမ်းစို့" မြေစိုက်ပိုစတာ ဆိုင်းဘုတ်စိုက်ထူပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ခိုင်စိုး၊ မြို့နယ်ငါးလုပ်ငန်းကြီးကြပ်မှု ကော်မတီဝင်များ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးသိမ်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများက စိုက်ထူခဲ့ကြပြီး လမ်းဆုံလမ်းမများ၊‌ ဈေးများတွင် ဈေးရောင်း၊ ဈေးဝယ်များ၊ ခရီးသွားလာပြည်သူများအား ငါးလုပ်ငန်း အသိပညာပေး လက်ကမ်း စာစောင်များအား အခမဲ့ဝေငှဖြန့်ဝေ ပေးခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်