ရေတာရှည် ဇွန် ၁၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် အခမ်းအနားမှူးသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားမှူးသင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းက သက်ဆိုင်ရာဌာနများတွင် အခမ်းအနားများပြုလုပ်ဆောင်ရွက်ရာ၌ အစီအစဉ်တကျ စနစ်တကျ ဆောင်ရွက်နိုင်ရန် ယခုကဲ့သို့ သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံမှ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ရာတွင် သတိပြုရမည့် ဝတ်စားဆင်ယင်မှု၊ ပြုမှုပြောဆိုမှု၊ စကားအသုံးအနှုန်း၊ အသံအနေအထားများအား ယခုသင်တန်းတွင် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သင်တန်းနှင့် ပတ်သက်သည်များအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် မြို့နယ်အဆင့် ဌာနပေါင်းစုံမှ သင်တန်းသူ (၃၀) ဦးတက်ရောက်ကြပြီး သင်တန်းကာလကို ဇွန်လ ၉ ရက်မှ ၁၀ ရက်နေ့ အထိ (၂) ရက်တာ ပို့ချသွားမှာဖြစ်ကြောင်း သိရသည်။
ရေတာရှည်(ပြန်/ဆက်)