ပွင့်ဖြူမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးလုံခြုံစိတ်ချရမှု ရှိ / မရှိနှင့် ပုံမှန်ဖွင့်လှစ် ရောင်းချခြင်း ရှိ / မရှိ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ပွင့်ဖြူ ဇွန် ၁၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချနေသည့် စက်သုံးဆီအရောင်းဆိုင်များ စက်သုံးဆီပြတ်လပ်မှု မဖြစ်စေရေး၊ ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေးနှင့် မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် ဦးဆောင်သော မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့နယ်အတွင်း  ဖွင့်လှစ်ရောင်းချလျက်ရှိသော စက်သုံးဆီအရောင်းဆိုင် ၈ ဆိုင် အား သွားရောက်ပြီး လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဒေသခံပြည်သူများ စက်သုံးဆီ အဆင်ပြေစွာ ဝယ်ယူနိုင်ရေးအတွက် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် ပုံမှန် ဖွင့်လှစ်ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ စက်သုံးဆီများ သတ်မှတ်ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း မပြုရေး၊ အချင်အတွယ် မှန်ကန်စွာ ရောင်းချရေး၊ မီးဘေးလုံခြုံရေး အထူးသတိပြု လိုက်နာဆောင်ရွက်သွားရန်တို့ကို ဆွေးနွေး‌ပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က စက်သုံးဆီဆိုင်များအလိုက် ဆီပြတ်လပ်မှု မဖြစ်ပေါ်စေရေး  ဆီသိုလှောင်ထားရှိမှုအခြေအနေနှင့် မီးဘေးလုံခြုံစိန်ချရမှု ရှိ / မရှိ၊ မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ စနစ်တကျ စီစဉ်ဆောင်ရွက်ထားမှု ရှိ / မရှိ တို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ဒေသတွင်း ပြည်သူများ စက်သုံးဆီ အဆင်ပြေစွာ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် စက်သုံးဆီဆိုင်များကို ပုံမှန်အတိုင်း ဖွင့်လှစ်ရောင်းချနိုင်ရေး အလေးထား ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ပွင့်ဖြူမြို့နယ်၌ တရားဝင် ဖွင့်လှစ် ရောင်းချနေသည့် စက်သုံးဆီ အရောင်းဆိုင် ၈ ဆိုင်တွင် ဒေသခံပြည်သူများကို စက်သုံးဆီ အဆင်ပြေစွာ ဝယ်ယူနိုင်ရေး ပုံမှန်ဖွင့်လှစ် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ 

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )