ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ နိုင်(၄)စာရင်း ရေးသွင်းခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

ဟားခါး ဇွန် ၉

ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း၊ မှတ်ပုံတင် နိုင်(၄) စာရင်းများအား Excel Format ဖြင့် ရိုက်သွင်းခြင်းနှင့် Software  အတွင်း ထည့်သွင်းခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က မှတ်ပုံတင် နိုင်(၄)စာရင်း မှတ်တမ်း အချက်အလက်များကို နည်းပညာအသုံးပြု၍ ကွန်ပျူတာအတွင်း ထည့်သွင်း ဆောင်ရွက်ခြင်းကို ပြည်နယ်အစိုးရအဖွဲ့ဝင်များ၏ ကြီးကြပ်မှုနှင့် ဌာနဆိုင်ရာများ၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ သတ်မှတ်ရက်မတိုင်မီ ပြီးစီးနိုင် တော့မည်ဖြစ်၍ ဆက်လက်ပူးပေါင်း ဆောင်ရွက်ပေးကြရန်၊ အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်လျက်ရှိရာ ပန်းခင်းစီမံချက်အရ အသက် (၁၆) နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများ အား ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက် ပေးရန်လိုကြောင်းဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်က နိုင်(၄) စာရင်းရေးသွင်းမှုအား တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၏ စေတနာထား ပူးပေါင်းဆောင်ရွက် မှုဖြင့် ဆောင်ရွက်လျက်ရှိရာ ဆောင်ရွက်ရန် ရာခိုင်နှုန်း အနည်းငယ်သာ ကျန်ရှိကြောင်း သိရသည့် အတွက် ဇွန်လ ဒုတိယပတ်အတွင်း ပြီးစီးနိုင်မည်ဟု သုံးသပ်ပါကြောင်းနှင့် အမှားအယွင်းမရှိဘဲ အချိန်မီ ပြီးစီးနိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်ရန် ပြောကြားပြီး ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်က ပြည်နယ်အတွင်းရှိ မြို့နယ်အလိုက် နိုင်(၄) မှတ်တမ်းပါ နိုင်ငံသားအမှတ်နှင့် ပတ်သက်၍ ၈.၆.၂၀၂၂ ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ရန် ကျန်အခြေ အနေနှင့် သတ်မှတ်ရက်မတိုင်မီ ပြီးစီးနိုင်ရေးအတွက် ဆောင်ရွက်မည့်အစီအမံများကို Power Point ဖြင့် ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းလိုအပ် ချက်များကို တင်ပြကြသည်။

ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က လုပ်ငန်းဆောင်ရွက် မှုအပေါ် တစ်မြို့နယ်ချင်းအလိုက် သုံးသပ်အကြံပြုဆွေးနွေးကြပြီး ပြည်နယ်အစိုးရအဖွဲ့ အတွင်း ရေးမှူး ဦးမောင်မောင်ဆန်းက နိုင်(၄)စာရင်းများ ကွန်ပျူတာအတွင်း ရေးသွင်းရာတွင် အမှား အယွင်း မရှိစေရေးအတွက် စနစ်တကျ ပြန်လည်စိစစ်ရန် လိုအပ်မှုနှင့် ပူးပေါင်းဆောင်ရွက်သည့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ထောက်ပံ့နိုင်ရေးနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်၏နိုင်(၄) မှတ်တမ်းပါ နိုင်ငံသားအမှတ်နှင့် အချက်အလက်များ ကွန်ပျူတာအတွင်း ထည့်သွင်းဆောင်ရွက်ရန် စုစုပေါင်း လူဦးရေး(၅၅၈၁၅၅) ဦးရှိသည့်အနက် ဇွန်လ ၈ ရက်နေ့အထိ ဆောင်ရွက်ပြီး (၅၃၅၀၅၆)ဦး ၉၅ ဒဿမ ၈၆ ရာခိုင်နှုန်းနှင့် ဆောင်ရွက်ရန်ကျန် (၂၃၀၉၉)ဦး ၄ ဒဿမ ၁၄ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)