အမာမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက် နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

အမာ  စက်တင်ဘာ  ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းနှင့် ပတ်သက်၍ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က အမာမြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိ/ရပ်ဖများ တွေ့ဆုံဆွေးနွေး ညှိနှိုင်းခဲ့သည်။

ရှေးဦးစွာ အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်က ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းနှင့် ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကျန်းမာရေး လမ်းညွှန်ချက်များ နှင့်အညီ ပြည်သူလူထုအနေဖြင့် စနစ်တကျ လိုက်နာဆောင်ရွက် နေထိုင်သွားလာရန်အတွက် တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ကန့်သတ်နယ်မြေများမှ ပြန်လည်ရောက်ရှိလာသူများကို (Quarantine Centre)မှာ စောင့်ကြည့်ထားရှိ နိုင်ရေးနှင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် ဆွေးနွေး မှာကြားခဲ့သည်။

ဆက်လက်၍ အမာမြို့ပြည်သူ့ဆေးရုံမှ တိုက်နယ်ဆရာဝန် ဒေါက်တာဆွေဇင်လှိုင်က ကိုဗစ်-၁၉ရောဂါ ကူးဆက်နိုင်သည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး အခြားဒေသအရပ်ရပ်မှ မိမိဒေသသို့ ပြန်လည်ရောက်ရှိ လာသူများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ထံမှတဆင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းကော်မတီသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ရန် ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

နော်လေး(အမာ)