ဖျာပုံ ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်အတွက် နိုင်ငံတော်အစိုးရမှထောက်ပံ့ငွေများအား ဖျာပုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များသို့ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးခြင်းကို ဇွန်လ(၉)ရက်နေ့ နံနက်(၉)နာရီ အချိန်က ဖျာပုံမြို့နယ် အမှတ်(၁၅)ရပ်ကွက်အတွင်းရှိ အဘိုး၊ အဘွားများထံ လိုက်လံထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ငွေများ ပေးအပ်ရာတွင် မြို့ပေါ်ရပ်ကွက်(၁၉)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၇၄)အုပ်စု အတွင်းမှအသက် (၈၅)နှစ်အထက်အဘိုး (၃၂၉)ဦး၊ အဘွား (၅၀၅)ဦး၊ စုစုပေါင်းဘိုးဘွား (၈၃၄)ဦးတို့အတွက် ဧပြီ၊ မေနှင့် ဇွန်လအတွက် လူမှုရေးပင်စင် အကျိုးခံစားခွင့် တစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ ကျပ်(၂၅,၀၂၀,၀၀၀) သိန်းအား၊ ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ ဒေါ်ဝါဝါနိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက နေ့ရက်အလိုက် ဘိုဘွားများ၏ လူမှုရေးပင်များအား လက်ဝယ်အရောက် လိုက်လံထောက်ပံ့ပေးလျက် ရှိကြသည်။
ဖျာပုံခရိုင် (၄)မြို့ နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက်လူမှုရေးပင်စင် အကျိုးခံစားခွင့် ရှိသူအဘိုး(၁၂၁၃)ဦးနှင့် အဘွား(၁၉၇၇)ဦး၊ စုစုပေါင်း ဘိုးဘွား(၃၁၉၀)ဦးတို့ အတွက်ထောက်ပံ့ငွေကျပ် (၉၅,၇၀၀,၀၀၀) သိန်းကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ သိရှိရသည်။
အောင်ဝင်းနိုင် (ဖျာပုံခရိုင်ပြန်/ဆက်)