အိမ်မဲမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

အိမ်မဲ ဇွန် ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီ တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်က အခြေခံပညာ ကျောင်းများအားလုံး ကျောင်းလုံခြုံရေးကို ဂရုစိုက်ကြရန်၊ အိမ်မဲမြို့နယ် နယ်စွန်၊ နယ်ဖျားကျောင်းများ ပိုမို၍ လုံခြုံရေး ဂရုစိုက်ကြရန်၊ မြို့အဝင်တွင် လုံခြုံရေးများကို အလှည့်ကျတာဝန်ရှိသူများက အလေးထား ဆောင်ရွက်ရန်၊ လူဝင် လူထွက်များသော ရုံးများတွင် CCTV တပ်ဆင်ကြရန်၊ ရပ်ကွက်ကျေးရွာ များတွင် ညစဉ် ဧည့်စာရင်းများ စစ်ဆေးကြရန်၊ စနေနေ့တိုင်း ရပ်ကွက်၊ ကျေးရွာ၊ စာသင်ကျောင်း များတွင် စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ကြရန်၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ အနေဖြင့် ယူရီးယားဓာတ်မြေသြဇာအား သက်သာသောနှုန်းထားဖြင့် ဝယ်ယူလိုလျှင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဖြင့် ချိတ်ဆက်ဆောင်ရွက်ရန်၊ ခြင်နှိမ်နှင်းရေးကို ဘက်ပေါင်းစုံမှ ဝိုင်းဝန်းနှိမ်နှင်းကြရန်တို့ကို ပြောကြားခဲ့သည်။

ဆက်လက်ပြီး အိမ်မဲမြို့နယ် ရဲတပ်ဖွဲ့မှူး မောင်မျိုးက စာသင်ကျောင်းများအားလုံး ကျောင်းဆင်းချိန်တွင် သော့ခတ်ထားကြရန်၊ ကျောင်းဝင်ပေါက်တံခါးမကြီးကိုလည်း သော့ခတ်ထားကြရန်၊ အစောင့်များထားရှိရန်၊ မြို့ထဲရှိစျေးဆိုင်များအားလုံး CCTV တပ်ဆင်ကြရန်၊ အ​ခြေခံပညာကျောင်း များနှင့် ဌာနဆိုင်ရာ ရုံးများအနီးတွင် လုံခြုံရေးအတွက် အမှိုက်ကန်များမထားရန် ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ မျိုးကျော်အောင်က မြို့နယ်အတွင်းသွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ရန်၊ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များဖြင့် ပူးပေါင်း၍ ဆောင်ရွက်ရန်နှင့် အသိပညာပေးဟောပြောပွဲများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။

ယင်းနောက် သက်ဆိုင်ရာ ဌာနဆိုင်ရာများက မိမိတို့ဌာနများ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)