ကျိုက်လတ် ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ လှည်းဆိပ်ကျေးရွာ စျေးရှေ့၊ လှည်းဆိပ် တံတားအနီးတွင် ငါးမျိုးပြုန်းတီးမှုအား ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဖျာပုံခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှူး၏ ကြီးကြပ်မှုဖြင့် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ယနေ့ နံနက်(၈)နာရီအချိန်၌ သဘာဝ ပတ်ဝန်းကျင် ဖွံ့ဖြိုးရေးငါးသယံဇာတထိန်းသိမ်းပေး ပိုစတာစိုက်ထူခြင်းနှင့် ငါးလုပ်ငန်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် "သဘာဝပတ်ဝန်းကျင် ဖွံ့ဖြိုးရေးငါးသယံဇာတထိန်းသိမ်းပေး" ပိုစတာနှင့် ဧရာဝတီ တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၏ ငါးသယံဇာတထိန်းသိမ်းရေးနှင့် သက်ဆိုင်သည့် "တားမြစ်ချက်" ပိုစတာများကို ဖျာပုံခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးကိုကိုလွင်၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးအောင်ဆန်းနှင့် ဝန်ထမ်းများ၊ လှည်းဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ငါး/ပုဇွန်လုပ်ငန်းရှင်များ ပါဝင်စိုက်ထူကြပြီး ငါးသယံဇာတထိန်းသိမ်းရေး ပညာပေးလက်ကမ်း စာစောင်များအားဒေသခံပြည်သူများသို့ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ လက်ကမ်း စာစောင်တွင် ရေနေသယံဇာတများ လျော့နည်းလာရသည့် အကြောင်းအရင်းများ၊ တားမြစ် ငါးဖမ်းကာလနှင့် ကန့်သတ်ထားသော ငါးဖမ်းနည်းစနစ်များ၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများ အသုံးပြု၍ ငါးဖမ်းခြင်း၊ ဘက်ထရီရှော့ တိုက်ကျဉ်စက်ဖြင့် ငါးဖမ်းခြင်းနှင့် အဆိပ်ဖြင့် ငါးဖမ်းခြင်း တို့၏ ဆိုးကျိုးများ၊ ငါးသယံဇာတထိန်းသိမ်းရေးနှင့် ပတ်သက်သည့် တားမြစ်ချက်များကို ကျူးလွန် ပါက အရေးယူခံရနိုင်သည့် ပြစ်ဒဏ်များကို ဖော်ပြထားကြောင်း သိရသည်။
ရီရီမြင့်