ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ဒဂုံမြောက် ဇွန် ၉

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများ၌ သွေးလွန်တုပ်ကွေး ရောဂါများ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အရှိန်အဟုန်မြှင့် ဆောင်ရွက် ပေးလျက်ရှိရာ (၄၁) တိုးချဲ့ရပ်ကွက်၊ အမှတ် (၁၄) မူလတန်းကျောင်းတွင် ယနေ့ နံနက်ပိုင်းက အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများအား ဆောင်ရွက်ပေးမှုနှင့် ပတ်သက်၍ ကျန်းမာရေးဌာနမှ ဆရာမဒေါ်သင်းနုနုလှိုင်က “ကျောင်းတွင်းရေစည် ရေကန်များ ကို အဘိတ်ဆေးခတ်ပေးခြင်းဖြင့် ရေကြည်ရေသန့်မှာ ပေါက်ပွားတတ်တဲ့ ပိုးလောက်လမ်းပေါက်ဖွားမှုကို ကာကွယ်နိုင်မှာဖြစ်ပါတယ်၊ ပိုးလောက်လန်း မပေါက်ပွားနိုင်အောင် ကျောင်းသန့်ရှင်းရေး ဆောင်ရွက်တဲ့အချိန်တွေမှာ ဆရာ၊ ဆရာမများ ဦးဆောင်ပြီး ကျောင်းသား၊ ကျောင်းသူလေးများ   ကိုယ်တိုင်ပါဝင် လိုက်ပါဆောင်ရွက်စေခြင်းဖြင့် အသိပညာများ မြှင့်တင်ပေးခြင်း၊ ရေအိုးရေကန်များ၊ ကျောင်းအိမ်သာရေအိုးများတွင် ပိုးလောက်လန်းရှိမရှိ စစ်ဆေးခြင်း၊ ပွတ်တိုက်ဆေးကြောခြင်း၊ ရေတင်ကျန်တဲ့ စွန့်ပစ်ပစ္စည်းများ၊ ခွက်များကို ရှာဖွေဖယ်ရှားခြင်းတို့ကို အသိပညာပေးဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်၊ ဒါမှ ခြင်ကျားကင်းစင်တဲ့ ကျောင်းဖြစ်မှာဖြစ်ပါတယ်” ဟု ပြောကြား သည်။

မြင့်မြင့်ရီ