သာယာဝတီ ဇွန် ၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ ၌ Book Club အဖွဲ့ဝင်များဖြင့် စာရေးဆရာ ကလောင်စုံရေးသားသည့် “လူငယ်နှင့်ယဉ်ကျေးမှုတန်ဖိုး” စာအုပ်ဖြင့် ယနေ့ နံနက်ပိုင်းက စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးခိုင်က စာဖတ်ဝိုင်း တက်ရောက်လာသူများအား စာဖတ်ဝိုင်းပြုလုပ်ကျင်းပခြင်း၏ ရည်ရွယ်ချက်များကို ဦးစွာဆွေးနွေး ပြောကြား ခဲ့သည်။
ဆက်လက်၍ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ Book Club အဖွဲ့ဝင် မြို့နယ်စာရေးဆရာ အသင်းဥက္ကဋ္ဌ ဦးထွန်းထွန်းလင်း (ပန်းဒကာမောင်ထွန်း) က စာရေးဆရာမ စမ်းစမ်းနွဲ့ (သာယာ၀တီ)၏ “ယဉ်ကျေးမှုစံနှုန်းမြှင့်ကြရအောင်” ဆောင်းပါးကို ဆွေးနွေးရာတွင် ယဉ်ကျေးမှုစံနှုန်းကို လူ့အဖွဲ့အစည်း တိုးတက်ဖွံ့ဖြိုးမှုနှင့် ပင်တိုင်းတာချင်ပါကြောင်း၊ လူ့အဖွဲ့အစည်းပုံရိပ်နိမ့်ကျရင် ယဉ်ကျေးမှုစံနှုန်းနိမ့်ကျမှာ ပင်ဖြစ်ကြောင်း၊ ရိုးရာယဉ်ကျေးမှုနှင့် အမျိုးသားယဉ်ကျေးမှုတို့ဆိုသည်မှာ ပင်မလူ့အဖွဲ့အစည်းအရင်း အမြစ်ရဲ့ တိုးတက်ပြောင်းလဲမှုဖြစ်စဉ်တွင် ရွှင်မြစိမ်းလန်းနေရမည့် အကိုင်းအခက်မျှသာ ဖြစ်ကြောင်းစသည့် ဗဟုသုတအကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးခဲ့ပြီး အတွင်းရေးမှူး မိုးသဲအောင် (ပန်းမြေ) က စာရေးဆရာ ရှိန်တင်ဦး (ပေါင်းတည်) ၏ “ယဉ်ကျေးမှုတန်ဖိုး” ဆောင်းပါးကိုဆွေးနွေးရာ၌ ယနေ့လူငယ်များသည် နောင်တစ်ချိန်တွင် လူကြီးများဖြစ်လာကြသည်မှာ အသေအချာပင်ဖြစ်ကြောင်း၊ ယနေ့လူငယ်များ လူကြီးနေရာသို့ ရောက်ရှိလာလျှင် နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ စီးပွားရေး၊ အမျိုးဘာသာ၊ သာသနာ တိုးတက်ထွန်းကားအောင်မြင် အေးချမ်းမှုရရှိရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတိုင်းတွင် လူမျိုးအလိုက် ကိုးကွယ်ရာ ဘာသာ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း များရှိကြကြောင်း၊ ယဉ်ကျေးလိမ္မာမှုရှိမှသာ စည်းကမ်းကျနသိမ်မွေ့ အေးချမ်းမှုရရှိမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ လူအများစုမှာ ကျေးလက်နေကြသူများ ဖြစ်ကြောင်း၊ လူငယ်အများစုမှာလည်း ကျေးလက်တွင်သာ နေထိုင်ကြကြောင်း၊ ယနေ့လူငယ်ယဉ်ကျေးမှု ဟုဆိုလျှင် ကျေးလက်ယဉ်ကျေးမှုကို ရှုမြင်သုံးသပ်ရမည်ဖြစ်ကြောင်း၊ ဟိုးယခင် ပျူ၊ ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင်မှသည် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး အစပိုင်းကာလဦးထိ ကျေးလက်ပညာရေးမှာ ဘုန်းတော်ကြီးကျောင်းသင် ပညာရေးသာဖြစ်ကြောင်း၊ ဘုန်းကြီးကျောင်းပညာမှသာ ယဉ်ကျေးမှုတတ် သိလိမ္မာမှုရရှိနိုင်မည်ဖြစ်ကြောင်း၊ ဘုန်းကြီးကျောင်း သင်ပညာရေးမှ တဆင့် ဂုဏ်ကြီးမားသော မိဘဆရာများရှေ့တွင်ခေါင်းငုံ့ ဦးညွတ်သွားခြင်း၊ ကြီးသူကိုငယ်သူက ရိုသေခြင်းစသည့် အကြောင်းအရာများကို ဆွေးနွေးရာ တက်ရောက်လာသူများမှ ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သာယာဝတီခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများအသိဉာဏ်ပညာ ဗဟုသုတများ တိုးပွားလာစေရန်အတွက် ဌာနဆိုင်ရာများ၊ စာပေ ချစ်မြတ်သူနိုးသူများဖြင့် စာဖတ်ဝိုင်းများ ပြုလုပ်ခြင်းနှင့် အသိပညာပေးခြင်း၊ Talk Show ဆွေးနွေးပွဲများ ပြုလုပ်ခြင်းများကို လစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)