လေးမျက်နှာမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် MCCT သင်တန်း ဖွင့်လှစ်

လေးမျက်နှာ ဇွန် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်း၌ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ် MCCT သင်တန်းဖွင့်လှစ်ခဲ့သည်။

သင်တန်းတွင် လေးမျက်နှာမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနဦးစီးအရာရှိ ဒေါ်စန်းစန်းဝင်းမှ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် MCCT သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး လေးမျက်နှာမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များ အနေဖြင့် MCCT အစီအစဉ်တွင် အကျိုးခံစားသူ စာရင်းအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ စာရေးများက (8.6.2022) ရက်နေ့မှ (25.6.2022) ရက်နေ့အထိ စာရင်းသွင်းရမည်ဖြစ်ကြောင်း၊ အကျိုးခံစားခွင့်ရရှိပြီးသား ကိုယ်ဝန်ဆောင်မိခင်များအနက် ကလေးမွေးဖွားပြီးသော ကိုယ်၀န်ဆောင်မိခင်များသည် မွေးစာရင်းမိတ္တူ၊ ကာကွယ်ဆေးထိုးကတ်မိတ္တူတို့နှင့်အတူ Update ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ယခင်က အကျိုးခံစားခွင့်ရရှိပြီးသော ကလေးများသည် မွေးစာရင်းထပ်ပေးရန်မလိုကြောင်း၊ ယခုလက်ရှိ အကျိုးခံစားနေသော ကလေးအသက် (၂)နှစ် မပြည့်မချင်း နောက်ထပ်ကိုယ်ဝန်အတွက် အကျိုးခံစားခွင့်မရှိကြောင်း၊ အမြွှာမွေးဖွားသော ကလေး၏ မိခင်သာ တစ်ပြိုင်နက်ကလေး ၂ဦး (သို့မဟုတ်) ၃ဦး အကျိုးခံစားခွင့်ရှိကြောင်း၊ မွေးစာရင်းနှင့် ကိုယ်ဝန်ဆောင် မှတ်တမ်းမရှိသောသူများသည် ကျန်းမာရေးဌာနမှ တာဝန်ရှိသူ တစ်ဦးဦး၏ ထောက်ခံချက်ဖြင့် စာရင်းသွင်းနိုင်ကြောင်း၊ ယခင်က အကျိုးခံစားခွင့်ရရှိပြီးသား ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်၏ ကလေးသာ ဆက်လက်အကျိုးခံစားခွင့်ရှိကြောင်း ရှင်းလင်း ပြောကြားသည်။

လေးမျက်နှာမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု(၄၈)အုပ်စုရှိပြီး ကိုယ်ဝန်ဆောင်မိခင်များအား တစ်လလျှင် ကျပ်၁၅၀၀၀ဖြင့် ၃လတစ်ကြိမ် ငွေကျပ်၄၅၀၀၀ထောက်ပံ့မည်ဖြစ်၍ ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကျပ် ၄၅၀၀၀ ထောက်ပံ့ပေးအပ်မည်ဖြစ်သည်။ အဆိုပါသင်တန်းသို့ ရပ်ကွက်/ကျေးရွာအုပ်စု (၄၈)အုပ်စုမှ စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ကျော်ဟိန်း(ပြန်/ဆက်)