သဲကုန်းမြို့နယ် ရဲ့ရဲ့ကန်ကျေးရွာ “အလင်းသစ်”စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လှူဒါန်းပေးအပ်ပွဲကျင်းပ

သဲကုန်း ဇွန် ၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ရဲ့ရဲ့ကန်ကျေးရွာအုပ်စု၊ ရဲ့ရဲ့ကန်ကျေးရွာ “အလင်းသစ်”စာကြည့်တိုက် ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ကျေးလက်နေ ပြည်သူများ စာပေလေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ စာအုပ်စာစောင်များ လှူဒါန်းပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက “အလင်းသစ်” စာကြည့်တိုက်အတွင်း ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရဲ့ရဲ့ကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဉာဏ်ထွန်းက အဖွင့်အမှာစကား ပြောကြား၍ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးက ကျေးရွာစာကြည့်တိုက်များသို့ စာအုပ်စာစောင် လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်၊ စာကြည့်တိုက်များ ရှင်သန် ခိုင်မာစေရန် ဆောင်ရွက်ရမည့် အချက်များကို ရှင်းလင်းပြောကြားကာ စာရေးဆရာ စိုးဇော်လှိုင်(ဆင်မြီးဆွဲ)နှင့် စာရေးဆရာသန်းငဘတို့က စာဖတ်ရှိန်မြှင့်တင်ရေး ဆွေးနွေးပြောကြားကာ စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ဦးမောင်းနှင့် ရပ်မိရပ်ဖဦး ချစ်ဆွေတို့က ကျေးဇူးတင်စကား အသီးသီး ပြန်လည်ပြောကြားခဲ့ကြသည်။

ထို့နောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာရေးဆရာ များက စာကြည့်တိုက်အတွက် သုတ၊ ရသစာအုပ်များ လှူဒါန်းခဲ့ရာ စာကြည့်တိုက် ကော်မတီဥက္ကဌမှ လက်ခံရယူခဲ့သည်။ ရဲ့ရဲ့ကန်ကျေးရွာ “အလင်းသစ်” စာကြည့်တိုက်ကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြု စီမံကိန်း(တတိယစက်ဝန်း)ဖြင့် စီမံကိန်းထောက်ပံ့ငွေ သိန်းတစ်ရာ့နှစ်ဆယ်နှင့် ကျေးရွာလူထုထည့်ဝင်ငွေ တစ်သိန်းသုံးရာကျပ်၊ စုစုပေါင်း တစ်ရာ့နှစ်ဆယ့် တစ်သိန်းသုံးရာကျပ်ဖြင့် ၂၀×၃၀×၁၂ပေ RC တစ်ထပ်အဆောက်အဦးဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဝင့်နန္ဒာဌေး