ရွှေကျင် ဇွန် ၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်တွင် နိုင်ငံတော်အစိုးရမှ သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးနှင့် အာဟာရဖွံ့ဖြိုးတိုးတက်စေရန်နှင့် သက်ကြီးရွယ်အိုများ၏ ဝင်ငွေလုံခြုံမှုကို မြှင့်တင်ရန်ရည်ရွယ်၍ နိုင်ငံတော်မှထောက်ပံ့ ပေးအပ်သောလူမူရေး ထောက်ပံ့ငွေများကို ယမန်နေ့ ညနေ(၃)နာရီက မြို့ပေါ်(၈) ရပ်ကွက်ရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (၁၂၀)ဦးတို့အား အိမ်တိုင်ရာအရောက် သွားရောက်ထောက်ပံ့ပေးအပ် ခဲ့ကြသည်။
နိုင်ငံတော်မှ လူမူရေးပင်စင် ထောက်ပံ့ခြင်းများကို အသက်(၈၅) နှစ်အထက် သက်ကြီးအဘိုးအဘွားများအား တစ်လလျှင် ငွေကျပ် တစ်သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိရာ လူမူရေးပင်စင်ရရှိသော အဘိုး(၅၀)ဦးနှင့် အဘွား (၇၀) ဦးတို့အား တစ်ဦးလျှင် ငွေကျပ် (၃) သောင်းစီဖြင့် စုစုပေါင်း ငွေကျပ် (၃၆၀၀၀၀၀) ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးရဲသွေးညီညီ၊ မြို့နယ်လူမူဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ပြုံးပြုံးရီနှင့် သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးတို့က အိမ်တိုင်ရာအရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)