သရက် ဇွန် ၉
မကွေးတိုင်းဒေသကြီး၊ သရက်မြို့ ခရိုင်စိုက်ပျိုးရေးဦးစီးမှူးရုံး၌ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြု အဏုဇီဝ (EM) နည်းပညာဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးတင်မျိုးလတ်က အမှာစကားပြောကြားပြီး စိုက်ပျိုးရေးပညာရှင် ဆရာမဒေါ်မြင့်မြင့်မေက အကျိုးပြုအဏုဇီဝ (EM) နည်းပညာဆိုင်ရာများနှင့် တင်လဲရည်၊ ဖွဲ့နု စသည့် ပရိုတိန်းဓါတ်များသည့် အစာများအား မြေဩဇာအဖြစ် အသုံးပြုလာခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းကို သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးလတ်၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ သရက်ခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သည့် သရက်၊ အောင်လံ၊ မင်းတုန်း၊ ကံမ၊ မင်းလှနှင့် ဆင်ပေါင်ဝဲမြို့နယ်များမှ စိုက်ပျိုးရေးဝန်ထမ်း (၂၁)ဦးနှင့် တောင်သူ (၁၁)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ဇွန်လ (၉) ရက်မှ (၁၀) ရက်ထိ (၂) ရက်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချမည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)