ချောင်းသာမြို့အတွင်းရှိ အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူ (၁၃၀၀)ဦး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံပြီးစီး

ချောင်းသာ ဇွန် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံ ပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊‌ ကျောင်းသူ (၁၃၀၀)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းများကို ဇွန်လ(၂)ရက်နေ့မှ စတင်ကာ ယနေ့အထိ သက်ဆိုင်ရာကျောင်းများတွင် စုရပ်ပြုထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင် ဦးဆောင်မှုဖြင့် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးများ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံသည့် ၅ နှစ်မှ ၁၂ နှစ်အထိရှိ ကျောင်းသား/ ကျောင်းသူများအား မိဘအုပ်ထိန်းသူများ၏ ခွင့်ပြုချက်ရယူခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်‌-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့် အညီ စနစ်တကျ ဆောင်ရွက်ပေးခဲ့ကြောင်း သိရပြီး အခြေခံပညာ မူလတန်းကျောင်း(၄)ကျောင်း၊ မူလတန်းလွန်ကျောင်း(၁) ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း(၃)ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲ(၁)ကျောင်းနှင့် (အ-ထ-က) ချောင်းသာမှ အလယ်တန်းကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၃၀၀)ဦးအား ထိုးနှံ ပေးခဲ့ပြီး ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူ မရှိစေရေး စနစ်တကျ စစ်တမ်းကောက်ယူ၍ ဆေးထိုးရန်ကျန်ရှိသူများကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း  မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သတင်းရရှိ သည်။

ကျော်ကျော်(ပြန်/ဆက်)