ကန့်ဘလူမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

ကန့်ဘလူ ဇွန် ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့်အဘိတ်ဆေးခပ်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာနေမိုး ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက မြို့နယ်ထွေ/အုပ်ရုံးရှိ ရေကန်များ၊ရေစည်များကို ခြင်မှ တစ်ဆင့်ပေါက်ဖွားလာမည့် ပိုးလောက်လန်းများရှိစေရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့်အဘိတ်ဆေးခပ်ခြင်းများလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ထို့ပြင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ရပ်ကွက်များနှင့်ကျေးရွာများတွင်လည်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့်အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်တွင် ရေသိုလှောင်သည့်အိုးခွက်များ၊ ရေတင်ကျန်နိုင်သည့် စွန့်ပစ်ထားသော အိုးစုတ်ခွက်စုတ်များ၊ ဘက်ထရီအိုးများ၊ ပလပ်စတစ်ခွက်စုတ်များကို ရှာဖွေရှင်းလင်းပေးခြင်း၊ ခြင်ခိုအောင်းနိုင်သောနေရာများ ရှင်းလင်းခြင်းကို ဆောင်ရွက်မည်ဖြစ်သည်။ အဆိုပါလုပ်ငန်းများဆောင်ရွက်ခြင်းကြောင့် မိုးရာသီတွင် ခြင်ပေါက်ဖွားမှုကိုလျော့နည်းစေပြီး ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)