ပေါင်းတည်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများနှင့် ဒေသဖွံ့ဖြိုးရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ပေါင်းတည် ဇွန် ၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်မြင့်မားရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီဝင်ဌာနဆိုင်ရာများက အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကြုံးကြုံးကျကျေးရွာအုပ်စု၊ မြေနံ့သာကျေးရွာသို့ အသိပညာပေးကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးကျော်ထွန်းဦးဆောင်၍ စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးဌာန၊ ဆည်မြောင်းဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူများက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် သက်ဆိုင်ရာဌာနတစ်ခုခြင်းစီ၏ ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး ယူရီးယားဓာတ်မြေသြဇာပေါင်းသတ်ဆေး စနစ်တကျသုံးစွဲရေး၊ သစ်ရွက်စိမ်းမြေသြဇာ ပိုမိုတိုးချဲ့စိုက်ပျိုးရေး၊ နေကြာ၊ မတ်ပဲ၊ မြေပဲ သီးထပ်သီးညှပ်စိုက်ပျိုးရေးတို့ကို အသိပညာပေးဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ဒေသခံတောင်သူများမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် သိရှိလိုသည်တို့ကိုမေးမြန်းရာ သက်ဆိုင်ရာဌာနဆိုင်ရာများက ပြန်လည်ဖြေကြားခဲ့​ကြောင်း သိရသည်။

အေးအေးဆင့် (ပြန်/ဆက်)