ကလိန်အောင်မြို့၊ ကော့လှိုင်ကျေးရွာ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP)မိတ်ဆက်ရှင်းလင်းခြင်းနှင့်ကော်မတီရွေးချယ်ပွဲအခမ်းအနား ကျင်းပ

ကလိန်အောင် ဇွန် ၉

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂- ၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် ထောက်ပံ့ရန်ပုံငွေ (၁၀၀) သိန်းကျပ်ဖြင့်  ကလိန်အောင်မြို့ မိကျောင်းလှောင်းကျေးရွာအုပ်စု၊ ကော့လှိုင်ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီရွေးချယ်ပွဲအခမ်းအနားကို ‌ယမန်နေ့ မွန်းလွဲ(၁)နာရီက ကျင်းပသည်။

အခမ်းအနားတွင် ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းဆွေမြင့်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့်ပတ်သက်၍ စီမံကိန်းလုပ်ငန်းစဉ်များနှင့် ကော်မတီဖွဲ့စည်းပုံအ ကြောင်းအရာများတို့အား ချပြရှင်းလင်းပြောကြားသည်။

ပြီးနောက် တက်ရောက်လာကြသော ကျေးရွာသူ၊ရွာသားများ၏ အများသဘောတူဆန္ဒဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင်(၇)ဦးဖြင့် ရွေး ချယ်ဖွဲ့စည်းခဲ့ပြီး အဆိုပါကျေးရွာအတွင်း လိုအပ်သည့် အိမ်ခြေ (၁၂၀) ခန့်ရှိ၊ လူဦးရေ(၅၀၀)ခန့်လောက်အသုံးပြုနိုင်သည့် အိမ်တိုင်ရာ‌ရောက် ရေမီတာစနစ်ဖြင့် အသုံးပြုဆောင်ရွက်နိုင် စေရန် ကျေးရွာလူထုကိုယ်တိုင်  ကျေးရွာဖွံ့ဖြိုး‌ရေးလုပ်ငန်းများအတွက် ဆောင်ရွက်သွားမည်ကြောင်း သိရသည်။

ခင်ခင်လဲ့(ပြန်/ဆက်)