ဆိပ်ဖြူ ဇွန် ၉
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်ရှိ ပဲတီစိမ်းစိုက်ပျိုးတောင်သူများ အောင်မြင်ဖြစ်ထွန်းပြီး ယခင်နှစ်ထက် ပဲတီစိမ်းဈေးပိုမိုရရှိ၍ အဆင်ပြေကြောင်းသိရသည်။
ဆိပ်ဖြူမြို့နယ်ရှိ တောင်သူများသည် ဒေသဝမ်းစာဖူလုံရေး၊ မိသားစုဝင်ငွေတိုးပွားစွာရရှိရေးအတွက် သီးထပ်သီးညှပ်အဖြစ်နွေရာသီ၌ ပဲတီစိမ်းကို မြေအောက်ရေသွင်းစနစ်ဖြင့်လည်းကောင်း၊ မြစ်ရေတင်မှ စိုက်ပျိုးရေရယူ၍ စိုက်ပျိုးခဲ့ကြသည်။ ယခင်နှစ်က ပဲတီစိမ်းစိုက်ပျိုးတောင်သူများ ပဲတီစိမ်းစိုက်ပျိုးရာတွင် ရွက်ဝါကျ၍ အောင်မြင်ဖြစ်ထွန်းမှု နည်းပါးပြီးထွက်နှုန်းကျ၍ ယခုနှစ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပဲတီစိမ်းမျိုးကောင်းမျိုးသန့်များရယူခြင်းနှင့် နည်းပညာများကိုရယူ၍ စိုက်ပျိုးဆောင်ရွက်ခဲ့ရာ ယခင်နှစ်ထက် ပဲတီစိမ်းထွက်နှုန်းပိုခဲ့ပြီး ပဲတီစိမ်းဈေးလည်းပိုမိုရရှိခဲ့ကြောင်း၊ ယခင်နှစ်ကပဲတီစိမ်း တစ်တင်းလျှင် ကျပ်၄၀၀၀၀ သာ ဈေးရရှိခဲ့သော်လည်း၊ ယခုနှစ်တွင် လက်ရှိဈေးနှုန်း ကျပ်၅၀၀၀၀ ရှိကြောင်း၊ ပထမဦးပေါ်ဈေးတွင် ပဲတီစိမ်းတစ်တင်းလျှင် ကျပ်၆၀၀၀၀ထိရောင်းချခဲ့ရကြောင်း လက်ရှိတွင် ပဲတီစိမ်းရောင်းရငွေ ၆သိန်းကျပ်ရှိပြီဖြစ်ကြောင်း၊ ပဲတီစိမ်းတစ်ဧကလျင် ပဲတီစိမ်းမျိုး ၄ပြည်မှ ၅ပြည်အထိ ထည့်သွင်းစိုက်ပျိုးကြပြီး၊ ပဲတီစိမ်းတစ်ဧကလျှင် ပဲမျိုးဈေး၊ မြေဩဇာ၊ အပင်အားဆေး လုပ်အားခ စုစုပေါင်းကျပ်၁၅၀၀၀၀ခန့် ကုန်ကျမှုရှိပြီး မြေအောက်ရေသွင်းစိုက်ပျိုးတောင်သူများမှာ စက်သုံးဆီ၊ ရေသွင်းလုပ်အားခများ အရင်းအနှီးပိုမိုသုံးစွဲရသည့်အတွက် ယခုထက်ပိုမိုကုန်ကျမှုရှိသလို အောက်ဆိပ်လျှပ်စစ်မြစ်ရေတင် စိုက်ပျိုးဧရိယာမှ ပဲတီစိမ်းသီးနှံစိုက်ပျိုးတောင်သူများက ရေပေးမြောင်းမှ စိုက်ပျိုးရေရရှိသည့်အတွက် ရေသွင်းလုပ်အားခ၊ စက်သုံးဆီဖိုးများ လျှော့ချနိုင်ပြီး တစ်ရာသီစာအတွက် တစ်ဧကလျှင် ၃၀၀၀ ကျပ်သာပေးဆောင်ရသည့်အတွက် အဆင်ပြေကြောင်း အောက်ဆိပ်မြစ် ရေတင်ဧရိယာ ပဲတီစိမ်းစိုက်ပျိုးတောင်သူများထံမှသိရှိရသည်။
စိုးလင်းနိုင်(IPRD)