မြင်းမူ ဇွန် ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့တွင် မိသားစုတစ်ပိုင်တစ်နိုင် ပြုလုပ်ရောင်းချလျက်ရှိသည့် ကွန်ကရစ်ပစ္စည်းများမှာ ပုံမှန်အရောင်းအဝယ်ရှိကြောင်း၊ ကွန်ကရစ်ပစ္စည်း ပြုလုပ်ရောင်းချသူများထံမှ သိရှိရသည်။
ကွန်ကရစ်ပစ္စည်းကတော့ပုံမှန်ရောင်းချနေရကြောင်း၊ အဓိကရောင်းအားကောင်းသည့် ပစ္စည်းမှာ ကွန်ကရစ်ကျောက်တိုင်နှင့် ရေကန်များဖြစ်ကြောင်း၊ ရံဖန်ရံခါ ကျေးလက်လမ်းများတွင်အသုံးပြုသည့် ရေပြွန်များလည်းမှာယူမှုရှိကြောင်း၊ ကုန်ကြမ်းပစ္စည်းများဖြစ်သည့် ကျောက်ဈေးတို့ သိသိသာသာမတက်သော်လည်း ဘိလပ်မြေဈေး သံချောင်းဈေးထက်ဝက်ခန့်ဈေးတက်ခဲ့ကြောင်း၊ သို့ရာတွင်မိမိတို့ရောင်းချရာတွင် ဝယ်လိုအားအပေါ်မူတည်ကာအနည်းငယ်သာဈေးတက်ရကြောင်း ကွန်ကရစ်ပစ္စည်းပြုလုပ်ရောင်းချနေသူ ဦးကျော်အုန်းထံမှ သိရှိရသည်။
ပြုလုပ်ရောင်းချလျက်ရှိသော ပစ္စည်းအမျိုးအစားများမှာ ကွန်ကရစ်တိုင်၊ ကွန်ကရစ်ရေကန်၊ ကွန်ကရစ်ပြွန်ဆိုဒ်စုံ၊ ကျင်တွယ်တိုင်အမျိုး၊ မိလ္လာကန်သုံးကျောက်ပြား၊ ဘိလပ်အုပ်နှင့် အခြားအော်ဒါမှာယူသောပစ္စည်းများကို ပြုလုပ်ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)