မိုးညို ဇွန် ၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်မြင့်မားရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်း၍ ယမန်နေ့နံနက်ပိုင်းတွင် ကြို့ပင်သာကျေးရွာအုပ်စု၊ ထွဋ်မြတ်စံပြကျေးရွာသို့ အသိပညာပေး ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့အသိပညာပေး ဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာန၊ မြို့နယ်စက် မှုလယ်ယာဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတို့မှ တာဝန်ရှိ သူများက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် သက်ဆိုင်ရာ ဌာနတစ်ခုခြင်းစီ၏ ဆောင်ရွက်နေမ၏မှုနှင့် ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းစဉ်များကို အသိပညာပေး ပြောကြားခဲ့သည်။
ဆက်လက်၍ ဒေသခံတောင်သူများမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက် သိရှိလိုသည်တို့ကိုမေးမြန်းရာ သက်ဆိုင်ရာဌာနများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစပါးဆားရည်စိမ်နည်းနှင့် ကြက်သွန်ဖြူပိုးသတ်ဆေး ပြုလုပ်နည်းအားလည်းကောင်း၊ စက်မှုလယ်ယာဦးစီးဌာနမှ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးရန် စပါးပျိုးထောင်နည်းအားလည်းကောင်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာတမံတွင်ထူးပေါက်၊ ရေရှိုးပေါက်များ ဖြစ်ပေါ်လာပါကဆောင်ရွက်ရမည့် ရေခွေပြုလုပ် ခြင်းကို လက်တွေ့ပြုလုပ်ပြသခဲ့ကြောင်း သိရသည်။
ကိုမင်း