မြိတ်မြို့နှင့် ကော့သောင်းမြို့များတွင် WY စိတ်ကြွရူးသွပ်ဆေးပြားများ ဖော်ထုတ်ဖမ်းဆီးရမိ

ထားဝယ်၊ စက်တင်ဘာ ၇

တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး လုပ်ငန်းများကို နေ့စဉ် အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်လျက်ရှိရာ မြိတ်မြို့မရဲစခန်းမှ ဒုရဲအုပ် ဇာနည်ထွန်း ဦးစီး ပူးပေါင်း အဖွဲ့သည် စက်တင်ဘာလ ၄ ရက် နေ့လည် ၂နာရီအချိန်တွင် မူးယစ်ဆေးဝါးသတင်းအရ မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ စက်ဝင်း ရပ်ကွက်၊ ငုဝါ(၂)လမ်းတွင် စောင့်ဆိုင်းနေစဉ် ၎င်းလမ်းအတိုင်း နေလင်း(၄၆)နှစ် မောင်းနှင်လာသော ဆိုင်ကယ်အား မသင်္ကာဖွယ် တွေ့ရှိသဖြင့် ရပ်တန့်ရှာဖွေစစ်ဆေးရာ ၎င်းဝတ်ဆင်ထားသော ဘောင်းဘီအိတ်အတွင်းမှ WY စိတ်ကြွရူးသွပ် ဆေးပြား(၃၂၁)ပြား နှင့်အတူ တွေ့ရှိသိမ်းဆည်းရမိ သဖြင့် မြိတ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရှိသည်။ 

အလားတူ ကော့သောင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် ဝင်းကြိုင် ဦးစီး ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၄ရက် ညနေ ၄နာရီအချိန်တွင် မူးယစ်ဆေးဝါးသတင်းအရ ကော့သောင်းမြို့နယ်၊ ချန်ဖန်းကျေးရွာအုပ်စု၊ မပုတေးကျေးရွာနေ သန်းဇော်မိုး (ခ)ကိုမျိုး(၃၃)နှစ် နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ နေအိမ်တွင် ၎င်းနှင့်အတူ တစ်ရွာတည်းနေ ချစ်စန်းမောင်(၂၁)နှစ်၊ ခင်မောင်လတ်(၂၄)နှစ်နှင့် နေလင်းထွန်း(ခ)အာမင်(၃၄)နှစ် တို့အားတွေ့ရှိပြီး သန်းဇော်မိုး(ခ)ကိုမျိုး ဝတ်ဆင်ထားသော ဂျင်းဘောင်းဘီအိတ်အတွင်းမှ ထိုင်းဘတ်ငွေ(၃၇၀၀)ဘတ်၊ မြန်မာငွေ(၃၇၀၀၀)ကျပ်နှင့် နေအိမ် အနောက်ဘက်မြေကွက်တွင် WYစိတ်ကြွရူးသွပ်ဆေးပြား (၂၃၆)ပြားတို့အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် ကော့သောင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

ရဲပြန်ကြား