သရက်ချောင်းမြို့နယ်ရှိ အသက်(၅)နှစ်မှ (၁၈)နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူ (၁၀၀၅)ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်

သရက်ချောင်း ဇွန် ၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ (၁၈)နှစ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးများအားလုံး ကျန်းမာပျော်ရွှင်စွာပညာသင်ယူနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ပထမအကြိမ်အဖြစ် ဇွန်လ ၃ ရက်နေ့မှစတင်၍ ဆေးထိုးစုရပ်(၂)ခုတွင် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထို့သို့ကာကွယ်ဆေးထိုးနှံပေးခြင်းကို သရက်ချောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦး၏ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ဆေးထိုးစုရပ်ကျောင်းများဖြစ်သည့် (အထက)သရက်ချောင်း၊ (အထက) ကမြိုင်ကျောင်းများမှနီးစပ်ရာကျောင်းများရှိ ကျောင်းသား/ကျောင်းသူများကို နေ့စဉ်ထိုးနှံပေးလျက်ရှိရာ ဇွန်လ ၃ ရက်မှ ၈ ရက်နေ့အထိ အသက်(၅)နှစ်မှ (၁၈)အတွင်းရှိ ကျောင်းသား/ကျောင်းသူပေါင်း (၁၀၀၅)ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ကို ထိုးနှံပေးခဲ့ ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ အသက်(၅)နှစ်မှ (၁၈)နှစ်အတွင်းရှိ ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမ)အကြိမ်ထိုးနှံပေးခြင်းအား ၂၀၂၂ ခုနှစ်၊ ဇွန်လ ၃ ရက်မှ ၂၄ ရက်အထိ ကျောင်းဖွင့်ရက်များတွင် ကျောင်းသား/ကျောင်းသူများမကျန်ရှိစေရေးအတွက် နေ့စဉ်ထိုးနှံပေးသွားမည်ဖြစ်ပြီး၊ ကာကွယ်ဆေးမထိုးနှံမီ ကျောင်းသား၊ကျောင်းသူ မိဘ/အုပ်ထိန်းသူများကို မိမိကလေးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရန် သဘောတူကြောင်းလက်မှတ်ရယူ၍ ကျန်းမာရေးစစ်ဆေးပြီးမှသာဆေးထိုးနှံပေးခြင်းနှင့် ဆေးထိုးပြီးပါက မိနစ်(၃၀)ခန့်အကြာ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းဖြင့် စနစ်တကျ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သားကြီး(သရက်ချောင်း)