ဒေးဒရဲမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး

ဒေးဒရဲ ဇွန် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ဒေသဖွံဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ၊ ရုံးနှင့်​ကျောင်းပတ်ဝန်းကျင်ရှိ ရေဝပ်နေရာများ၊ ခြုံနွယ်အမှိုက်များ ကင်းစင်ရေး၊ ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရန်၊ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကလေး များအား ကာကွယ်ဆေး ထိုးနှံပြီးစီးရေး စီမံချက်ရေးဆွဲ၍ ဆောင်ရွက်သွားရန်၊ မိုးစပါးစိုက်ဧက ပြည့်မီရေးနှင့် အထွက်နှုန်းတိုးတက်ရေး နည်းပညာများ ဖြန့်ဝေပေးသွားရန်၊ လယ်ယာမြေများ ရေကြီးနှစ်မြှပ်မှု မရှိစေရေး ဆောင်ရွက်ထားရှိရန်၊ တောင်သူများက တင်ပြလာသော အခက်အခဲ များအား ပေါင်းစပ်ဆောင်ရွက်ပေးနိုင်ရေး စိုက်ပျိုးရေးကြီးကြပ်အဖွဲ့များက ကွင်းဆင်း ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ပြီး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး မွန်မြတ်သူစိုးက နယ်မြေအေးချမ်းသာယာရေး လုပ်ငန်းများ ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့​ဖြိုးရေးလုပ်ငန်းများနှင့် ပြည်သူများ တင်ပြလာသော အခက်အခဲများအား သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်ပေးမှု အခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

အေဇာလင်း