ပုသိမ် ဇွန် ၉
ကျောင်းနေအရွယ် ကလေးတိုင်း အခြေခံပညာသင်ယူခွင့်ရရှိရေးနှင့် ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် ကျန်းမာရေး၀န်ကြီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့ အ.မ.က.(၁၀)ပုဂံကျောင်းတွင် အသက် (၅)နှစ်မှ (၁၂)နှစ်အထိ အခြေခံပညာ ကျောင်းသား/သူများကို ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးလျက်ရှိပြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အမှတ် ၂ နယ်မြေရှိ အ.မ.က(၁၀) ပုဂံကျောင်းမှ အသက် (၅)နှစ်မှ (၁၂)နှစ် (KG)မှ G(5)ထိ စာရင်းရှိ ကျောင်းသား/သူ (၅၀၀)ဦး ကျော်ရှိပြီး ကာကွယ်ဆေး ထိုးလျက်ရှိသော ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၃၀၀)ဦးကျော်ရှိကြောင်း သိရှိရပါသည်။
ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးကောင်းမွန်သော ကျောင်းသားများနှင့် မိဘအုပ် ထိန်းသူကိုယ်တိုင် လက်မှတ်ထိုး၍ လိုက်ပါဆောင်ရွက်ပေးသော ကျောင်းသားများကိုသာ ကာကွယ်ဆေး ထိုးနှံပေးကြောင်း သိရှိရသည်။
ဆေးထိုးစုရပ်များတွင် ကျန်းမာရေး ဆေးထိုးအဖွဲ့များက ကျောင်းသား ကျောင်းသူများကို ပထမအကြိမ်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ၊ ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား မိဘများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များက ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြကြောင်း သိရသည်။
မြင့်ဟန်