နတ်တလင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်

နတ်တလင်း ဇွန် ၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနက မြို့နယ်အတွင်းကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန်အတွက် ဇွန် ၈ ရက်နေ့က သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ဆရာဝန်ကြီးဒေါက်တာ‌အေးအေးသန့်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ရပ်ကွက်/ ကျေးရွာအုပ်စုများအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဖြစ်သော ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်း၊ သောက်ရေသုံးရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းနှင့် ကျန်းမာရေး အသိပညာပေးပြောကြားခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများက လိုက်ပါကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး (ပြန်/ဆက်)