ဘိုကလေးမြို့နယ်တွင် ငါးသယံဇာတထိန်းသိမ်း‌ရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်

ဘိုကလေး ဇွန် ၉

ငါးမျိုးပြုန်းတီးမှုအား ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဧရာဝတီတိုင်း‌ဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဘုရားချောင်းကျေးရွာအုပ်စုတွင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ယမန်နေ့ နံနက်(၁၀)နာရီအချိန်၌ ငါးသယံဇာတထိန်းသိမ်း‌ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။    

အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ငါးလုပ်ငန်းဦးစီးဌာန၊ ခေတ္တမြို့နယ် ဦးစီးမှူး ဦးအောင်အောင်ဆွေမှ ဘုရားချောင်းကျေးရွာအုပ်စု ဒေသခံပြည်သူ(၅၀)ဦးနှင့် တွေ့ဆုံ၍ မိမိတို့ဌာန အနေဖြင့် နှစ်စဉ် ငါးမျိုး၊ ငါးသားပေါက်များ စိုက်ထည့်လျက်ရှိကြောင်း၊ ငါးသယံဇာတများအား ထိခိုက်ပျက်စီးစေမည့် တားမြစ်ငါးဖမ်းကိရိယာများဖြင့် ငါးဖမ်းဆီးမှု မပြုလုပ်ကြရန်နှင့် တားမြစ် ထားသည့် ကိစ္စရပ်များအား ရှောင်ကျဉ်ခြင်းဖြင့် ငါးသယံဇာတ ထိန်းသိမ်းမှုအား ပူးပေါင်းကူညီရန် လိုအပ်ကြောင်း၊ ငါးဖမ်းဆီးမှုများနှင့် ပတ်သတ်သည့် ပြစ်မှု၊ ပြစ်ဒဏ်များအား ပြည်သူများ နားလည်သဘောပေါက်စေရေး ဆွေးနွေးဟောပြောခဲ့သည်။

အဆိုပါ ဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးဇေယျာထွန်း၊ ဘုရားချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ဒေသခံများတက်ရောက်ကြပြီး တက်ရောက်လာသူများအား မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနနှင့် တာဝန်ရှိသူများက ဧရာဝတီတိုင်းဒေသကြီး ရေချိုငါးလုပ်ငန်း ဥပဒေနှင့် တားမြစ်ထားသော ငါးဖမ်းကိရိယာ၊ ငါးဖမ်းနည်းများဆိုင်ရာ သိမှတ်ဖွယ်ရာများအား ပြည့်စုံစွာ ရေးသားအသိပညာပေးထားသည့် ပညာပေးလက်ကမ်း စာစောင်များ  ဖြန့်ဝေခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနနှင့်အတူ တာဝန်ရှိသူများ၊ ဒေသခံများမှ ဘုရားချောင်း ကျေးရွာအုပ်စု၊ ဒေါ်တင်မြတံတား အနီးတွင် ငါးသယံဇာတ ထိန်းသိမ်းနိုင်ရန် ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေရေး အသိပညာပေး ဆိုင်းဘုတ်အား စိုက်ထူခဲ့ကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)