ဆင်ပေါင်ဝဲမြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်ပပြုလုပ်

ဆင်ပေါင်ဝဲ ဇွန် ၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမတွင် ယမန်နေ့က သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်ပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးမှ ပြောကြားရာတွင် "ယခုအခါ မိုးရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် ရေဘေး၊ လေဘေး၊ မိုးကြိုးဘေးအန္တရာယ်များ အများဆုံးကြုံတွေ့နိုင်ရကြောင်း၊ စာသင်ကျောင်းများတွင် အခြေပြု၍ အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မြို့ပေါ်နှင့်ကျေးရွာများတွင် အန္တရာယ်ရှိနိုင်သောသစ်ပင် သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းထားရန်လိုအပ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ခိုလှုံရန်နေရာနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ချက်ချင်းဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်လိုအပ်ကြောင်း" စသည်ဖြင့် ပြောကြားသွားပါသည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာသည့် သက်ဆိုင်ရာဌာနဆိုင်ရာများမှ လုပ်ငန်းလိုအပ်ချက်များနှင့်ပတ်သက်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဖြည့်စွက်ဆွေးနွေး၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

နိုင်လင်း(ပြန်/ဆက်)