၂၀၂၂-၂၀၂၃ ပညာသင်နှစ် လက်ထောက်မူလတန်းပြ ဆရာ ၊ ဆရာမများ လုပ်ငန်းခွင်အကြို ရက်တိုသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိ

ဟင်္သာတ  ဇွန် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်၊ လက်ထောက် မူလတန်းပြဆရာ၊ ဆရာမများ လုပ်ငန်းခွင်အကြို ရက်တိုသင်တန်းကို အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ ဟင်္သာခန်းမတွင် ဖွင့်လစ်ပို့ချလျက် ရှိရာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲ ၃ နာရီက  သွားရောက် တွေ့ဆုံ အားပေးခဲ့ကြသည်။

ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက ဆရာမများကိုအားပေးစကားပြောကြား၍ သင်တန်းဖွင့်လှစ်သင်ကြားရခြင်း၏ရည်ရွယ်ချက်များ၊ မူလတန်းသင်ရိုးသစ် မိတ်ဆက်ခြင်း အကြောင်းအရာများ၊ ပညာရေးမူဝါဒများ၊ ဝန်ထမ်းကျင့်ဝတ်နှင့်စည်းမျဉ်းစည်းကမ်းများ အစရှိသော သင်တန်းမှ ဘာသာရပ်များကို စနစ်တကျ လိုက်နာသင်ယူကြရန် ၊ စေတနာ၊ ဝါသနာ ၊ အနစ်နာကို အခြေခံ၍ မိမိတို့ တာဝန်ကျရာ ကျောင်းများတွင် ပြန်လည်သင်ကြား ပြသပေးရန် စသော လိုအပ်သည်များကို မှာကြားခဲ့သည်။

အဆိုပါ လက်ထောက်မူလတန်းပြ ဆရာ/ဆရာမများ၏ လုပ်ငန်းခွင်အကြိုရက်တို သင်တန်းတွင်  လုပ်ငန်းခွင်တာဝန်များ စတင်ဝင်ရောက်ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမများအနေဖြင့် မူလတန်းပြဆရာ၊ ဆရာမများ၏ လုပ်ငန်းတာဝန်များနှင့် စည်းမျဉ်း၊ စည်းကမ်းများကို သိရှိနိုင်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းတက်ရောက်လာသူ ဆရာ/ဆရာမ (၁၀၀)ဦးရှိကာ  ဇွန်လ ၄ ရက်နေ့မှ ၁၀ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိဖွင့်လှစ် သင်ကြားသွားမှာဖြစ်ကြောင်း  မြို့နယ်ပညာရေးမှူး ဦးဦးလှမြင့် ထံမှသိရသည်။

ကိုဇော် -ဟင်္သာတ